မန္တလေးမြို့ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊အမရပူရ၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရပြီး ပြည်သူများ ထိတ်လန့်တုန်လှုပ်

by

in

မန္တလေးမြို့ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊အမရပူရ၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရပြီး ပြည်သူများ ထိတ်လန့်တုန်လှုပ်
ရန်ကုန်၊ ဧပြီ ၁၇

ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ မန္တလေး၊ အမရပူရ၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရ ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂ မိနစ်အချိန် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့ တောင်- အနောက်တောင်ဘက် ၂ မိုင်အကွာ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ ၄ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း၊ အဆိုပါ ငလျင်ကြောင့် မန္တလေးမြို့တွင် အလွန်သိသာစွာ ခံစားရပြီး ပြည်သူများ အထိတ် တလန့်ဖြစ်ကြကြောင်း သိရှိရသည်။
“ငလျင်က အတော်ကိုသိသာတာ။ ၀ုန်းကနဲကို လှုပ်တာ။ အချိန်တော့ အရမ်းမကြာလို့။ အချိန်ကြာရင် ပြိုဆဲတိုက်တွေတောင် ပြိုနိုင်တယ်။ ကြမ်းတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောဆိုသည်။
အလားတူ အမရပူရမြို့နယ်၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင်လည်း ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်သွားသော ငလျင်ကို သိသာစွာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“စစ်ကိုင်းမှာလည်း အတော်ကြီးကို ခံစားရတယ်။ အိမ်တွေ တစ်ချက်တော့ ယိမ်းထိုးသွားတာ” ဟု စစ်ကိုင်းမြို့ ၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ ဆက်တိုက် လှုပ်ခတ်နေရာ ယနေ့ ဧပြီလ ၁၇ ရက်နေ့ အထိ ငလျင်လှုပ်ခတ်မှုပေါင်း အကြိမ်ရေ ၁၄၀ ရှိလာပြီဖြစ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်သည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ငလျင်ကြောင့် မန္တလေးတွင် ယနေ့အထိ တိမ်းစောင်းနေသော တိုက်တာများ။

■မန္တလေးတိုင်းပုသိမ်ကြီးမြို့အနီး ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်
■နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲပိုင်းအထိ ငလျင်သုံးကြိမ်လှုပ်ခတ်
မန္တလေးတိုင်းပုသိမ်ကြီးမြို့အနီး ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလက ထုတ်ပြန်သည်။
နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ၄ ဒသမ ၆ ရစ်(ခ်)တာစကေးရှိ ငလျင်မှာ အနက် ၁၁ ကီလိုမီတာတွင် ပုသိမ်ကြီးမြို့၏ တောင်-အနောက်တောင်ဘက် (၂) မိုင်ခန့်အကွာကိုဗဟိုပြု လှုပ်ခတ်ခဲ့သည်။
” ဒီနေ့ငလျင်က တော်တော်ကြမ်းတယ်။ ဒုန်းဒုန်းဆိုပြီး လှုပ်သွားတာ။ တော်တော်လေးလည်း လန့်နေပြီ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။
နှစ်ဆန်းတစ်ရက်နေ့ နံနက်အစောပိုင်းတွင်လည်း ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး နံနက် ၅ နာရီခန့်တွင် လယ်ဝေးမြို့၏ အနောက်မြောက်ဘက် (၈)မိုင်ခန့်အကွာကို ဗဟိုပြုကာ အနက် ၁၀ ကီလိုမီတာတွင် ၃ ဒသမ ၂ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
အလားတူ နံနက် ၄ နာရီ ၆ မိနစ်တွင် ရေတာရှည်မြို့အနီး အနက် ၁၀ ကီလိုမီတာတွင် ရစ်ချ်တာစကေး ၃ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီးတွင် နှစ်ဆနိးတစ်ရက် မွန်းလွဲပိုင်းအထိ နောက်ဆက်တွဲငလျင် အကြိမ် ၁၄၀ အထိ လှုပ်ခတ်ထားသည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။