ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော် ၁၃ ဦး‌ကျဆုံးဟု ရွှေဘိုခရိုင် PDF ဆို

by

in

ယခုနှစ် ဇွန်လကုန်မှ စတင်အကောင်အထည်ဖော်နေသော ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ဝက်လက်အခြေစိုက် PDF တပ်ရင်းမှ ဒုတပ်ရင်းမှူးတစ်ဦး သပိတ်ကျင်းမြို့တွင် တိုက်ပွဲကျသွားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကောင်အထည်ဖော်နေသည့် ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းတွင် ဒုတပ်ရင်းမှူး သေဆုံးခဲ့ပြီး ၎င်း၏ ဈာပနအခမ်းနားကို ယမန်နေ့ (ဩဂုတ် ၂၈) ရက်က ပြုလုပ်ခဲ့သည်။

ရှမ်း- မန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း ၅၀၀ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY PDF) အပါအဝင် NUG လက်အောက်ခံ စစ်ကိုင်းတိုင်းမှ ခရိုင်တပ်ရင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြစဉ် အသက် ၃၆ နှစ်အရွယ် ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်း ဒုတပ်ရင်းမှူး ကိုစံသိန်း (ခ) ဆရာစံ သေဆုံးခဲ့ခြင်း ဖြစ်သည်။​

အဆိုပါစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ် ၂၅ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းစဉ် ဩဂုတ် ၂၆ ရက် နံနက်က ထိတွေ့တိုက်ပွဲဖြစ်ကာ သေဆုံးခဲ့သည်ဟု သိရသည်။

“မနက် ၃ နာရီလောက်မှာ စခန်းက ထွက်ပြေးတဲ့ *တွေကို လိုက်ရှင်းတာ လမ်းမှာ ထိတွေ့မှုဖြစ်ပြီးတော့ ကျတာလို့ သတင်းရပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော တပ်ထောက်တာဝန်ခံ ကိုနေမျိုးပဲခူးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀၀ နီးပါးတပ်စွဲထားသည့် ကွင်း ၅၀၀ တပ်စခန်းကို ရက် ၂၀ ကျော်ကြာ တိုက်ခိုက်ပြီးမှ သိမ်းပိုက်ရမိကာ လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိခဲ့သည်ဟု MDY PDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ဒုတပ်ရင်းမှူး၏ ရုပ်အလောင်းကို ဆေးရုံမှတစ်ဆင့် အအေးခန်းအခေါင်းဖြင့် ထည့်ပြီး ဧရာဝတီမြစ်ကို ဖြတ်ကာ စစ်ကိုင်းတိုင်းအတွင်းသို့ သယ်ဆောင်ကာ ဇာတိမြေဖြစ်သော ကျေးရွာ၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

ဈာပနကို မိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများ၊ ရွာခံများ တပ်ရင်းမှ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူတချို့၊ တက်ရောက်ခဲ့ကြသည်။

၎င်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ကျောင်းဆရာမဖြစ်သူ ဇနီး၊ သားတစ်ဦး၊ သမီးတစ်ဦး ကျန်ရစ်သည်ဟု သိရသည်။

အာဏာမသိမ်းမီက လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူတစ်ဦးဖြစ်သူ ကိုစံသိန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်လာသူဖြစ်သည်ဟု သိရသည်။

အစောပိုင်းကာလတွင် ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့အဖြစ် “ဝက်လက်နယ်စည်းမခြား တော်လှန်ရေးအင်အား စု”အမည်ဖြင့် ရပ်တည်ခဲ့ပြီးနောက်ပိုင်းတွင် NUG ၏ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းအဖြစ် ပြောင်းလဲခဲ့သည်။

၎င်းသည် အခြေခံစစ်သင်တန်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ သင်ကြားပေးသည့် တပ်ရင်းမှူး သင်တန်းပါ တက်ရောက်ထားသူဖြစ်သည်ဟု ကိုနေမျိုးပဲခူးက ပြောသည်။

တိုက်ပွဲပေါင်းများစွာ ဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်သည့် ဒုတပ်ရင်းမှူး သေဆုံးမှုမှာ တပ်ဖွဲ့အတွက် အလွန်ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဟု ထိုသူက မှတ်ချက်ပြုသည်။

“အများကြီးနစ်နာပါတယ်။ ရှင်းရှင်းပြောရရင် သူ့နေရာကို ဘယ်သူ့ပေးရမလဲဆိုတာ ခေါင်းခဲနေရတဲ့ ကိစ္စဖြစ်လာတာပေါ့။ စစ်ရေးအတွေ့အကြုံ ပညာအရည်အချင်း၊ စိတ်သဘောထား၊ သူ့နေရာကို နောက်တစ်ယောက်ပေးဖို့ တော်တော်စဉ်းစားနေရတယ်”

မန္တလေးမှ မိုင် ၈၀ ကျော် ရွှေထွက်ရာ သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်ရက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီးနောက် ရှမ်းမြောက်နှင့် မန္တလေးတိုင်းကို ချိတ်ဆက်ထားသည့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း နေရာအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်သည်။

လက်နက်ခဲယမ်းရှားပါးမှုကြောင့် စစ်တပ်ကို ပြောက်ကျားစနစ်ဖြင့်သာ အားပြုတိုက်ခိုက်နိုင်ခဲ့ကြသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ တော်လှန်ရေးတပ်ဖွဲ့များသည် “၁၀၂၇ စစ်ဆင်ရေး”၊ ရှမ်း- မန်းစစ်ဆင်ရေးတို့တွင် ပါဝင်တိုက်ခိုက်နေကြသည်။

ယခုနှစ် ဇွန် ၂၅ ရက်မှ စတင်သော ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်းများ၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး တို့မှ တပ်ဖွဲ့များအပါအဝင် ၂၁ ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု MDY PDF က ဩဂုတ် ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုစစ်ဆင်ရေးသည် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မန္တလေးနှင့် ရှမ်းမြောက်အစပ် တိုက်ပွဲများ ပါဝင်နေသည်။

အင်အား ရာဂဏန်းရှိသည့် ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂၀၀ ခန့်သည် အဆိုပါ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။

ထိုတိုက်ပွဲများအတွင်း ဒုတပ်ရင်းမှူး ကိုစံသိန်းအပါအဝင် အဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း ထိုတပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ဟိုဘက်မှာတော့ စခန်းတွေကို သွားသိမ်းရတဲ့ထိုးစစ်ဖြစ်တဲ့အတွက် ရဲဘော်တွေ အကျအဆုံးလည်း များပါတယ်။ ကျွန်တော်တို့ တပ်ရင်းကပဲ ၁၃ ယောက်ရှိသွားပြီ။ စခန်းသိမ်းရတဲ့အတွက် ဒရုန်းကြောင့် ကျဆုံးတာလည်း များတယ်”

သေဆုံးခဲ့သည့် ရဲဘော်များအနက် အများစု၏ ရုပ်အလောင်းများကို လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ၎င်းတို့ဇာတိ စစ်ကိုင်းတိုင်းသို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိတွင် နယ်မြေစိုးမိုးလာနိုင်၍သာ ကိုစံသိန်း၏ ရုပ်အလောင်းကို ပြန်ဆယ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကိုနေမျိုးပဲခူးက ဆိုသည်။

ရှမ်း-မန်းစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် ရွှေဘိုခရိုင်တပ်ရင်း အမှတ် (၂၆)၊ (၈) ၊ (၁၈) တပ်ရင်းအပါအဝင် အခြားတပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များ ထိခိုက်သေဆုံးမှုများရှိကြောင်း သက်ဆိုင်ရာ တပ်ရင်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လကုန်က စတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုများက ဧရာတီမြစ် အရှေ့ဘက်ကမ်း၊ မန္တလေးတိုင်းမှ စဉ့်ကူး၊ တကောင်းနှင့် သပိတ်ကျင်းမြို့တို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။

Read Next