” မြန်မာကို ယွမ်ငွေ ၁ ဘီလီယံ ဖိုး အကူအညီတွေ ပေးအပ်မယ်လို့ တရုတ်ကြေညာ ၊

by

in

” မြန်မာကို ယွမ်ငွေ ၁ ဘီလီယံ ဖိုး အကူအညီတွေ ပေးအပ်မယ်လို့ တရုတ်ကြေညာ ၊ယူကရိန်းအတွက် ပေါင်သန်း ၄၅၀ ထပ်မံပံ့ပိုးသွားမယ်လို့ ဗြိတိန်ကြေညာ၊မြောက်ကိုရီးယားနဲ့ နယ်စပ်က တောမီးကို ငြှိမ်းသတ်ဖို့ တောင်ကိုရီးယားက ရဟတ်ယာဉ်တွေ စေလွှတ်”
ဧပြီ – ၁၁ ၊ ၂၀၂၅ ညပိုင်းနိုင်ငံတကာသတင်း

ဒီနေ့ ဧပြီ ၁၁ ရက်နေ့အတွက် နိုင်ငံတကာသတင်းဖြစ်ရပ်တွေထဲကအချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
မြန်မာကို ယွမ်ငွေ ၁ ဘီလီယံ ဖိုး အကူအညီတွေ ပေးအပ်မယ်လို့ တရုတ်ကြေညာ
ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် ယွမ်ငွေ ၁ ဘီလီယံဖိုး လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ တရုတ် အစိုးရက ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန် ဒေါ်လာ ၁၃၇ သန်းလောက်နဲ့ ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။
တရုတ်ဟာ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးအပြီး မြန်မာနိုင်ငံဆီ ကယ်ဆယ်ရေး အဖွဲ့တွေ အစောဆုံး ပို့ဆောင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ပြီး နောက်တစ်နေ့မှာပဲ တရုတ်ဟာ မြန်မာ့ ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတွေ ယွမ် သန်း ၁၀၀ ဖိုး ထောက်ပံ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။
နှစ်ပတ်လောက် ကြာမြင့်ပြီးတဲ့နောက် ဧပြီလ ၁၀ ရက်နေ့မှာတော့ ရန်ကုန်မြို့ အခြေစိုက် တရုတ်သံရုံးက အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး အကူအညီ ယွမ် ၁ ဘီလီယံ (ယွမ် သန်း ၁၀၀၀)ဖိုး ထပ်မံ ဖြည့်တင်းပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီရန်ပုံငွေကို လောင်စာဆီ၊ ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ ဝယ်ယူရေး၊ ခွဲစိတ်ခန်းတွေနဲ့ ပျဉ်ထောင်အိမ်တွေ ပြန်လည်တည်ဆောက်ရေး၊ ကျန်းမာရေးနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ပညာရှင်တွေ စေလွှတ်ရေး စတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုမယ်လို့ ဆိုပါတယ်။ နောက်ပြီး ငလျင်ဒဏ် ခံစားရတဲ့ ဒေသတွေကို ကွင်းဆင်းစစ်ဆေးဖို့အတွက် ဘေးအန္တရာယ်ဆိုင်ရာ အကဲဖြတ် အဖွဲ့တွေ စေလွှတ်ပြီး ပြန်လည်ထူထောင်ရေးနဲ့ အနာဂတ်မှာ အလားတူ ဘေးအန္တရာယ်တွေ လျှော့ချနိုင်မယ့် အစီအမံ လုပ်ငန်းစဉ်တွေ ရေးဆွဲရေးအတွက်လည်း ကူညီပံ့ပိုးသွားမယ်လို့လည်း သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ ငလျင်ကြီးအပြီး မြန်မာနိုင်ငံကို ကယ်ဆယ်ရေး အဖွဲ့ပေါင်း ၃၀ ကျော်အပြင် ကျန်းမာရေး ဝန်ထမ်းတွေ၊ ငလျင်ပညာရှင်တွေ၊ ယာယီဆေးရုံ ဖွင့်လှစ်မယ့် ဝန်ထမ်းတွေ၊ ကယ်ဆယ်ရေးခွေးတွေကို ပေးပို့ ကူညီခဲ့ပါတယ်။ တရုတ် ကြက်ခြေနီ အသင်းကလည်း မြန်မာနိုင်ငံရဲ့ ငလျင်ကယ်ဆယ်ရေး ကဏ္ဍတွေအတွက် ယွမ် ၁.၅ သန်း ငွေသား ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်ရဲ့ ကွင်းဆင်း ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ကယ်ဆယ်ရေး မစ်ရှင်တွေ ပြီးဆုံးလို့ ဧပြီ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားကြောင်း သံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တရုတ် ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ကိုယ်ဝန်ဆောင် တစ်ဦးအပါအဝင် ၉ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၅၉ ခုကိုလည်း ဖော်ထုတ် ရှာဖွေပေးနိုင်ခဲ့တယ်လို့ သံရုံးက ကြေညာထားပါတယ်။
= = =
ယူကရိန်းအတွက် ပေါင်သန်း ၄၅၀ ထပ်မံပံ့ပိုးသွားမယ်လို့ ဗြိတိန်ကြေညာ
ယူကရိန်းအတွက် စစ်ရေးအကူအညီ စတာလင်ပေါင် သန်း ၄၅၀ ထပ်မံ ပေးအပ်သွားမယ်လို့ ဗြိတိန် အစိုးရက ကြေညာခဲ့ပါတယ်။
ဂျာမနီနဲ့အတူ ပူးပေါင်းပြီး ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ နိုင်ငံပေါင်း ၅၀ လောက်ကို အစည်းအဝေး စုစည်း ခေါ်ယူသွားဖို့ စီစဉ်နေချိန် အတွင်းမှာ ဗြိတိန်က အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဘရပ်ဆဲလ်မှာ ကျင်းပမယ့် အစည်းအဝေးဟာ နိုင်ငံစုံရဲ့ ကာကွယ်ရေး အရာရှိတွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ရပ်ဆိုင်းသွားအောင် ဝိုင်းဝန်း ဖိအားပေးစေဖို့ ရည်ရွယ်ထားကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ပြောပါတယ်။
ရုရှားရဲ့ ရန်လိုကျူးကျော်မှုကို ဟန့်တားဖို့အတွက်ဆိုရင် ယူကရိန်းရဲ့ ကာကွယ်ရေး စွမ်းရည်ကို မဖြစ်မနေ ဝိုင်းဝန်းဖြည့်တင်း ပံ့ပိုးပေးရမယ်လို့လည်း သူက ဆိုပါတယ်။
ဗြိတိန် အစိုးရက ထပ်မံပေးပို့မယ့် စတာလင်ပေါင် သန်း ၄၅၀ တန် အထောက်အပံ့တွေမှာတော့ ဒရုန်းတွေ၊ တင့်ကားဖျက်မိုင်းတွေ ရာထောင်ချီ ပါဝင်မှာ ဖြစ်သလို ထိခိုက်ထားတဲ့ စစ်သုံးယာဉ်တွေကိုပါ ပြန်လည် ပြင်ဆင်ပေးမယ်လို့ သိရပါတယ်။
စတာလင်ပေါင် သန်း ၃၅၀ လောက်ကို ဗြိတိန် အစိုးရက တိုက်ရိုက် ထောက်ပံ့မှာဖြစ်ပြီး ကျန်တဲ့ ငွေကြေးကိုတော့ ဗြိတိန်က ဦးစီး ထူထောင်ထားတဲ့ ယူကရိန်း ထောက်ပံ့ရေး နိုင်ငံတကာ ရန်ပုံငွေထဲကနေ ထုတ်နုတ်ပြီး နော်ဝေးကနေတဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ယူကရိန်းအပေါ် စစ်ရေးအကူအညီ ပေးမှုတွေကို သိသိသာသာ ဖြတ်တောက် လျှော့ချလာတဲ့နောက် ဗြိတိန်နဲ့ ဥရောပ မဟာမိတ်တွေဟာ အဲဒီဟာကွက်ကို ဖြည့်တင်းနိုင်ဖို့ ပိုမိုပြီး ကြိုးစားလာနေပါတယ်။
ပြီးခဲ့တဲ့လက ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ယူကရိန်းအတွက် စတာလင်ပေါင် ၁.၆ ဘီလီယံဖိုး ဒုံးကျည်တွေ ထောက်ပံ့သွားမယ့် ကိစ္စကို ကြေညာခဲ့သလို စစ်ပွဲစတင်ချိန်မှာ ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေထဲက အတိုးငွေ စတာလင်ပေါင် ၂.၂ ဘီလီယံကိုလည်း ယူကရိန်းအတွက် ထုတ်ချေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဗြိတိန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကာလတလျှောက်မှာ ယူကရိန်းအတွက် အကူအညီ စတာလင်ပေါင် ၁၅ ဘီလီယံလောက်ထိ ပံ့ပိုးပေးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
= = =
မြောက်ကိုရီးယားနဲ့ နယ်စပ်က တောမီးကို ငြှိမ်းသတ်ဖို့ တောင်ကိုရီးယားက ရဟတ်ယာဉ်တွေ စေလွှတ်
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ တောင်ကိုရီးယားက ရဟတ်ယာဉ်နှစ်စီး စေလွှတ်ထားကြောင်း သိရပါတယ်။
စစ်မဲ့ဇုန် (DMZ)လို့ သတ်မှတ်ထားပြီး တောထူထပ်လှတဲ့ ဒေသဟာ ကမ္ဘာပေါ်မှာ အစောင့်အကြပ် အထူထပ်ဆုံး နယ်ခြားဧရိယာ တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ DMZ တဝိုက်မှာ လေယာဉ် ပျံသန်းမှုတွေဟာ လုံခြုံရေး ရှုထောင့်အရ စိုးရိမ်စရာတွေ ဖြစ်နိုင်တာကြောင့် ရဟတ်ယာဉ်တွေ စေလွှတ်ပြီး မီးငြှိမ်းသတ်မယ့် အကြောင်းကို မြောက်ကိုရီးယား အစိုးရဆီ ကြိုတင် အကြောင်းကြားခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
ပြီးတော့ DMZ တဝိုက်မှာ နေထိုင်တဲ့ မြောက်ကိုရီးယား ဒေသခံတွေကိုလည်း ရဟတ်ယာဉ်တွေကို မြင်ရရင် အထိတ်တလန့် မဖြစ်ဖို့ အသံချဲ့စက်တွေနဲ့ လှမ်းပြီး အသိပေးထားတယ်လို့ တောင်ကိုရီးယား နယ်ခြားစောင့် အရာရှိတွေက ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေမှာ သမိုင်းတလျှောက် အဆိုးဆုံး တောမီးလောင်ကျွမ်းမှုတွေ အစပြုပြီး သီတင်းပတ်တချို့ အကြာ မြောက်ပိုင်းက DMZ သတ်မှတ်နေရာမှာပါ တောမီးတွေ စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ DMZရဲ့ အရှေ့ပိုင်းမှာ လောင်နေတဲ့ တောမီးတွေ ဘယ်လိုဘယ်ပုံ အစပြုခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
DMZမှာ ရဟတ်ယာဉ်တွေနဲ့ မီးငြှိမ်းသတ်မယ့်အကြောင်း မြောက်ကိုရီးယားကို ကြိုအသိပေးထားပေမယ့် တစ်ဖက်က သဘောထားကို တိတိကျကျ မသိရသေးတာကြောင့် တောင်ကိုရီးယား စစ်တပ်ကလည်း လိုအပ်တဲ့ အသင့်အနေအထား ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
၁၉၅၀ ကနေ ၁၉၅၃ ခုထိ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ် စစ်ပွဲအပြီး တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၂၅၀ ကီလိုမီတာရှည်ပြီး ၄ ကီလိုမီတာကျယ်တဲ့ DMZကို နှစ်ဖက်ကြား ဖြတ်သန်းသွားလာတာမျိုး မလုပ်တဲ့ နယ်ခြားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
လူသူအရောက်အပေါက် အရမ်းနည်းတဲ့ အတွက်လည်း DMZဟာ အာရှတိုက် တစ်ခုလုံးမှာ သဘာဝသစ်တော ဧရိယာ အထူထပ်ဆုံးနဲ့ သားရိုင်းတိရစ္ဆာန် မျိုးစိတ်တွေ အကြွယ်ဝဆုံး နေရာတစ်ခုအဖြစ် ရှိနေပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက DMZမှာ ကင်းလှည့်ရင်း မတော်တဆ နယ်ကျွံတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား စစ်သားတွေက နိုင်ငံပိုင်နက်ဖက် ရောက်လာလို့ သေနတ်ပစ်ဖောက်ပြီး ခြောက်လှန့် သတိပေးခဲ့ရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ အဲဒီနောက်မှာတော့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့လည်း သိရပါတယ်။