ငလျင်ကြောင့် တိုင်းပြည်ပျက်ပြီး ပြည်သူများ ပူဆွေးနေရချိန် နိုင်ငံတကာအာရုံစိုက်မှုရအောင် နေကြရန် ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
5 Apr 2025 By Mg Dagon / MPA
သမိုင်းဝင်ငလျင်ဘေးကြီးကြောင့် ပျက်နေသည့်တိုင်းပြည်ပိုမိုဆိုးရွားနေရပြီး ပြည်သူအများ ပူဆွေးနေရစဉ် နိုင်ငံတကာအာရုံစိုက်မှုရအောင် နေကြရန် စစ်ကောင်စီ ပြောခွင့်ရထားသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဧပြီလ သုံးရက်နှင့် လေးရက်နေ့တို့ကကျင်းပခဲ့သည့် ဘင်းစတက်အစည်းအဝေးသို့လိုက်ပါခဲ့သူ ၎င်းက အပြန်ခရီးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံများက အာရုံစိုက်နေသည့်အတွက် မြန်မာပြည်သူများအနေဖြင့် ငလျင်ဒဏ်ကို စည်းစည်းလုံးလုံးဖြင့် မည်ကဲ့သို့ အံတုရင်ဆိုင်ကျော်ဖြတ်နေသည်ကို ပြသရမည်ဖြစ်ပြီး သဘာဝဘေးဒဏ်ကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ရင်ဆိုင်ကြရမည်ဟု စစ်ကောင်စီလက်အောက်ခံမီဒီယာများကို ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကယ်ဆယ်ရေးမလုံလောက်မှုကြောင့် လူအများအသက်ဆုံးရှုံးနေရသော်လည်း စစ်ကောင်စီအနေဖြင့်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတတ်နိုင်ဆုံးအရှိန်အဟုန်ဖြင့် အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် မြန်မာ့စည်းလုံးမှုကိုပြပါ။ မြန်မာ့စည်းလုံးမှုကို ပြဖို့လိုပါတယ်။ အားလုံးအာရုံစိုက်နေတဲ့အချိန်မှာ မြန်မာဟာ ဘယ်လိုမျိုးဇွဲရှိတယ်။ ဘယ်လိုမျိုးကြံ့ခိုင်တယ်ဆိုတာကို ပြဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသွားသည်။
လတ်တလော ငလျင်ဘေးအတွက် နိုင်ငံ ၁၈ ခုခန့်က လေယာဉ်အစင်းရေ ၆၀ ခန့်ဖြင့် စားနပ်ရိက္ခာနှင့် လိုအပ်သည့်အကူအညီများ ထောက်ပံ့ပေးထားသည်ဟု ၎င်းက ပြောသည်။
ထိုသို့ပြည်သူများစည်းလုံးညီညွှတ်ကြရန် ပြောကြားမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့နေ ငလျင်ကြီးလှုပ်မည်ကို စိုးရိမ်နေသူ အမျိုးသားတစ်ဦးက “ကျွန်တော်တို့တောင် စိတ္တဇတွေဖြစ်နေတာ။ ငလျင်တကယ်ကြုံတဲ့နေရာတွေဆိုပြောမနေနဲ့။ သူက အခုလိုပြောတာကတော့ ဘာပါးစပ်က ဘာစကားထွက်သလိုဖြစ်နေပြီ” ဟု မှတ်ချက်ပေးပြောဆိုသည်။
ထို့ပြင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ခြောက်ကြိမ်မြောက်ဘင်းစတက်အစည်းအဝေးတက်ရောက်မှုမှာ အောင်မြင်သည်ဟု ပြော၍ရနိုင်ကြောင်း စစ်ကောင်စီကိုယ်စား ပြောခွင့်ရထားသူက ပြောသည်။
ထိုအစည်းအဝေးတွင် ငလျင်ဘေး ပြန်လည်ထူထောင်နိုင်ရေး၊ နိုင်ငံတကာအကူအညီရရှိရေးနှင့် အခြားအရာများကို ဆွေးနွေးခဲ့သည်ဟု ပြောသည်။
“ခြုံပြီးပြောရရင်တော့ သွားရတဲ့ရည်ရွယ်ချက်ရော၊ လုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ရော အောင်မြင်တယ်လို့ပြောချင်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောသည်။
ထိုအစည်းအဝေးအပြင် ထိုင်း၊ အိန္ဒိယတို့အပါအဝင် တက်ရောက်လာသည့် နိုင်ငံခြောက်ခုက ခေါင်းဆောင်များနှင့် စစ်ကောင်စီ ခေါင်းဆောင်တို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်များက လိုအပ်သည်များ ဆက်လက်အကူအညီပေးသွားမည်ဟုပြောခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုအစည်းအဝေးတွင် မြန်မာနှင့် ထိုင်းတို့ရှိ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ဆဋ္ဌမအကြိမ်မြောက်ဘင်းစတက်အစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံက သဘာဝဘေးဒဏ်ကူညီကယ်ဆယ်ရေး၊ သဘာဝဘေးဒဏ်နှင့်ပတ်သက်၍ သုတေသနပြုလုပ်ရေး၊ အတွေ့အကြုံဖလှယ်နိုင်ရေး၊ ပညာပြန့်ပွားရေး အစရှိသည်တို့အတွက် စင်တာတစ်ခုဆောက်လုပ်ရေး အဆိုပြုခဲ့သည်ဟု စစ်ကောင်စီပြောခွင့်ရသူ၏ ပြောကြားချက်အရ သိရသည်။
“ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာပါဗျာ။ တကယ်က သူ့(စစ်ခေါင်းဆောင်)ကို ဖမ်းမှာကြောက်လို့တောင် ခိုးကြောင်ခိုးဝှက်နဲ့ ညတွင်းချင်းပြန်လာရသေးတာ။ တစ်ခုပဲဝမ်းသာအားရတယ်။ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းအာဏာပိုင်တွေထဲ ဒုက္ခခံစားနေရသူတွေဘက်က ရှိနေတယ်ဆိုတာ သိလိုက်ရတာပဲ” ဟု ငလျင်ဒဏ်ခံစားနေရသည့် မန္တလေးတိုင်း၊ မန္တလေးမြို့တွင် နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ သုံးရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ဘင်းစတက်အစည်းအဝေးတက်ရန် ရောက်ရှိလာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၎င်းတည်းခိုနေခဲ့သည့် ရှန်ဂရီလာဟိုတယ်အတွင်း ထိုင်းနိုင်ငံသား တက္ကသိုလ်ကျောင်းသားတစ်ဦးက မင်းအောင်လှိုင်အလိုမရှိကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ကြောင့် ၎င်းအနေဖြင့် ကနဦးဖမ်းဆီးခံခဲ့ရသော်လည်း ပြန်လည်လွတ်မြောက်ခဲ့သည်။
ထို့အပြင် ယနေ့ ဧပြီ ငါးရက်နေ့တွင် တရားဝင်ခွင့်ပြုချက်ဖြင့် ဘန်ကောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ(UN)ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသည့် ထိုင်းလူမျိုးများဖြင့်ဖွဲ့စည်းထားသော လူမှုရေးအသင်း Bright Future အဖွဲ့ဝင်များကို ထိုင်းအမျိုးသားရေးလှုပ်ရှားသူများက ဝင်ရောက်အကြမ်းဖက်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ထို့နောက် ယနေ့ နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အလိုမရှိကြောင်း ထိုင်းတက္ကသိုလ်ကျောင်းသားများက ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သမိုင်းတလျှောက် အပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးမှုအကြီးမားဆုံး ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ဧပြီ ငါးရက်နေ့အထိ လူပေါင်း လေးထောင်နီးပါး၊ ထိခိုက်ဒဏ်ရာရှိသူ ခြောက်ထောင်နီးပါး၊ ပျောက်ဆုံးနေသူ ၈၀၀ နီးပါးနှင့် အသက်ရှင်လျက်ကယ်ဆယ်ထားနိုင်သူ ၅၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကောက်ယူထားသည့် ကိန်းဂဏန်းများအရ သိရသည်။
စာတည်း – ကိုဆန်း
#သမိုင်းဝင်ငလျင်ဘေးကြီး #ပြည်သူများပူဆွေး #နိုင်ငံတကာအာရုံစိုက်မှု #ဇော်မင်းထွန်း #MPA #Mg_Dagon
