မန္တလေး၊ စိန်ပန်းရပ်ကွက်တွင် လေကြီးမိုးကြီးကျချိန် နေအိမ်ကို ဓားကိုင်လူတစ်စုက အနုကြမ်းစီး ဓားပြတိုက်ရန် ကြိုးပမ်း
ရန်ကုန်၊ ဧပြီ ၅
မန္တလေးတွင် ယနေ့ ညပိုင်း လေကြီးမိုးကြီးကျချိန် နေအိမ်ကို ဓားကိုင်လူတစ်စုက အနုကြမ်းစီးဓားပြတိုက်ရန် ကြိုးစားသဖြင့် ပြည်သူများ စုဝေး၍ ဖမ်းဆီးရန် လိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၅ ရက်နေ့ ည ၉ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဧသုခ၊ ၄၁ လမ်းx ၉၁ လမ်းရှိ နေအိမ်ကို ဓားပြတိုက် အနုကြမ်းစီးရန် လူအုပ်စုက ဝင်ရောက်လာကြောင်း၊ အိမ်ရှင်များက ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းသဖြင့် ဓားပြများ ထွက်ပြေးသွားရာ ပြည်သူများက ၀ိုင်းဝန်း လိုက်ကြကြောင်း၊ သို့ရာတွင် အနုကြမ်းစီး ဓားပြတိုက်ရန် ကြိုးစားသူများကို ဖမ်းမမိခဲ့ကြောင်း သိရှိရသည်။
“မိုးတွေ လေတွေ ကျလာချိန်မှာ မီးကလည်း မလာဘူး။ အမှောင်ကို အခွင့်ကောင်းယူပြီး အနုကြမ်းစီးဖို့ ကြိုးစားတာ။ ပြည်သူတွေကတော့ ရရာ တုတ်ဓားလက်နက်ကိုင်ပြီး လိုက်တာပဲ။ မမိလိုက်ဘူး။ ဘာတွေ ပါသွားလဲတော့ မသိဘူး။ အခု မိုးကြီးလေကြီးကျတော့ အကုန်လုံး ထိုင်ပြီး လုံခြုံရေး စောင့်နေရတယ်။ သူခိုးတွေကလည်း ပေါမှ ပေါ။ ဓားကိုင်ပြီး လုယက်ချင်တဲ့သူတွေလည်း ပေါတယ်။ မီးတွေကမလာ၊ နေစရာက မရှိ။ အရမ်းဒုက္ခရောက်ရတယ်” ဟု မန္တလေး၊ စိန်ပန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ မန္တလေးတွင် မိုးကြီးလေကြီးကျရောက်သဖြင့် နောက်ဆက်တွဲ ငလျင်ကြောက်၍ တဲများဖြင့် နေထိုင်သော ပြည်သူများမှာ အတိဒုက္ခရောက်ရကြောင်း သိရှိရသည်။
ဓာတ်ပုံ- မန္တလေးမိုးလေကျသဖြင့် နေစရာ ဒုက္ခရောက်နေကြသည့် ပြည်သူများ။
Photo- CJ ။
