နေပြည်တော်ကို စစ်ဆင်မည့် ရည်မှန်းချက် မဝေးတော့ဟု MDY PDF ပြော

by

in

နေပြည်တော်ကို စစ်ဆင်မည့် ရည်မှန်းချက် မဝေးတော့ဟု MDY PDF ပြော

001

(မဇ္ဈိမ) ။ ။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို စစ်ဆင်မည့် ရည်မှန်းချက် မဝေးတော့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) က ယနေ့ (ဩဂုတ်လ ၂၈ ရက်) တွင် ထုတ်ပြန်ပြောဆိုသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မန္တလေးတိုင်းမှ ရှမ်းမြောက်ကို နေ့ချင်းပြန်သွားရောက်နိုင်သည်အထိ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။
“စစ်သည် ၊ စစ်မေများရဲ့ အားစိုက်ထုတ်မှု ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနှင့်အတူ ရှမ်းမြောက် – မန္တလေး၊ မန္တလေး – ရှမ်းမြောက်ဖြစ်ပြီးရင်… မန္တလေးမှသည် နေပြည်တော်ဆိုတာလည်း မဝေးတော့ဘူးဆိုတာ အသေအချာပါပဲ” ဟု MDF PDF က ရေးသားထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့် ရှမ်း – မန်း စစ်ဆင်ရေးကြောင့် ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းများနှင့် မြို့များ တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ တကောင်းနှင့် သပိတ်ကျင်းမြို့များကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့ပြင် မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများအပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်းလည်း MDY PDF က ထုတ်ပြန်ထားသည်။
MDY PDF အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့် ရှမ်း-မန်း စစ်ဆင်ရေးတို့တွင် ဟန်ချက်ညီ တိုက်ပွဲဝင်လျက်ရှိပြီး ရည်မှန်းထားသော စစ်ရေးပစ်မှတ်များ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပေါက်မြောက်အောင်မြင်အောင် ဖော်ဆောင်ထားနိုင်ပြီဖြစ်ကြောင်းလည်း ဩဂုတ်လ ဒုတိယပတ်အတွင်းက အသိပေးထုတ်ပြန်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း- MDY- PDF က ယနေ့ထုတ်ပြန်သည့် ရုပ်သံဖိုင်ထဲက ယူထားခြင်း ဖြစ်သည်။