ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ ဦး သေဆုံးပြီး လက်နက် ၃၄ လက် သိမ်းဆည်းရရှိ ■ လွိုင်ကော်မြို့ပေါ်ရှိ နေအိမ် အလုံး ၉၀ ကျော်ကို စစ်တပ်က ဗုံးကျဲ မီးရှို့ ဖျက်ဆီး

by

in

ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ ဦး သေဆုံးပြီး လက်နက် ၃၄ လက် သိမ်းဆည်းရရှိ
■ လွိုင်ကော်မြို့ပေါ်ရှိ နေအိမ် အလုံး ၉၀ ကျော်ကို စစ်တပ်က ဗုံးကျဲ မီးရှို့ ဖျက်ဆီး
ရန်ကုန်၊ ဩဂုတ် ၃

ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်သား ၅၀ ဦး သေဆုံးပြီး လက်နက် ၃၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၄ ရက်နေ့တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည် ၊ GTC ကျောင်း၊ မြကလပ်တောင်၊ ထူဒူငံသ နှင့် ပန်ကန်းတို့ဘက်သို့ အင်အား ဖြည့်တင်းပြီး စစ်မျက်နှာများ ဖြန့်ခွဲကာ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများနှင့် ဇူလိုင်လ ၁ လ လုံး တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ငယ် ၄ လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးဆောင်များ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲကာအတွင်း အကြမ်းဖက်စစ်သား ၁ ဦး သေနတ် ၁ လက်နှင့်အတူ KNDF ထံ လာ ရောက်အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နာနတ်တော ၊ ထေးငှားလျားရပ်ကွက် နှင့် ဘာဒိုကျေးရွာ ၊ ထီရိကျေးရွာများ ဘက်တွင် စစ်ကြောင်းထိုး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KNDF က တန်ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်ဘက်သို့ ဦးတည်လာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်း အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ တစ်လကြာ ပင်လောင်းဘက်မှ ဆောင်းပြောင်း ၊ နောင်ဝိုးဘက်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များက ဇွန်လ ၃၀ ရက်နေ့မှစ၍ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၂ ရက်နေ့ အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းဘက်မှ ၂၀ ဦး နီးပါး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်း ၁ ခု နှင့် ရဲစခန်းတို့အား ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ သိမ်းပိုက် မီးရှိရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ငယ်စုံ ၁၅ လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
နောင်ဝိုးဘက်ထိ ရောက်ရှိလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းများသည် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အထိခိုက်များစွာဖြင့် ဆောင်းပြောင်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ညောင်ရွှေမြို့နယ် နှင့် ဖယ်ခုံမြို့နယ် အစပ်တွင်ရှိသော မှော်ဘီ – ဆီဆိုင် လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းထားသော လွယ်လုံစခန်းကုန်း ၊ စစ်ဆေးရေးဂိတ်တို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စခန်းကုန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ်တို့ကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃၀ ကျော် သေဆုံးပြီး ၎င်းတို့ထံမှ လက်နက်ငယ် ၁၅ လက်နှင့် ခဲယမ်း ၊မီးကျောက်များ ၊ အသုံး အဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁ လတာ အတွင်းနှင့် လက်ရှိချိန်ထိ ဆောင်းပြောင်း ၊ ဖယ်ခုံနှင့် ညောင်ရွှေ နယ်စပ်ရှိ စံကား နှင့် မှော်ဘီ ဘက်တို့တွင် စစ်ကောင်စီ၏ စစ်ကြောင်းများ ဆက်ရှိနေ၍ နေ့စဉ် နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း KNDF ဗဟိုက ပြောဆိုသည်။
ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်များနှင့် ကာကင်းစခန်းများကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက စဉ်ဆက်မပြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ထိတွေ့ တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ ဒီးမောဆိုမြို့နယ် အခြေစိုက်စစ်ကောင်စီ၏ အမှတ် ၄၂၇ တပ်ဘက်မှ စစ်ကြောင်းတစ်ခုသည် ဒီးမော့ဆို – ၆ မိုင်လမ်းမကြီးပေါ် ရှိ ဒေါခလိုက်လင်းကျေးရွာဘက်သို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရောက်ရှိလာပြီး ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တန်ပြန် တိုက်ခိုက် ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်တွင် ဇူလိုင်လ ၁ လတာအတွင်း လွိင်ကော် ၊ ဖားဆောင်း နှင့် ဒီးမော့ဆိုမြို့ နယ်များတွင် လည်းကောင်း၊ ကရင်နီနှင့် ရှမ်းတောင် နယ်စပ် ဖယ်ခုံ ၊ ပင်လောင်း ၊ ညောင်ရွှေမြို့နယ်များ တွင် လည်းကောာင်း၊ လွိုင်ကော်မြို့ ထေးငှားလျား ၊ နာနတ်တော ၊ဘာဒို ၊ ထီရိ ၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ နှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တစ်လျှောက်တွင်လည်းကောင်း အကြမ်းဖက်စစ်‌ ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတောင်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲ များအတွင်း အသက်ပေးသွားခဲ့ရသည့် KNDF ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲ လေးစားမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။
လွိင်ကော်မြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ၊ ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၅ ဦး အထက် သေဆုံးမှုရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ ထို့အတူ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုင်ခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် လွိုင် ကော်မြို့၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်ရှိ ပြည်သူလူထု နေအိမ် ၉၀ ကျော် မီးလောင် ပျက်ဆီးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်လာ ရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်နေအိမ် ၅ လုံးခန့်နှင့် စာသင်ကျောင်းတစ်ခု ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။