နေပြည်တော်မှ စားသောက်ဆိုင်ဝန်ထမ်းများကို စစ်သားသစ်အဖြစ် စုဆောင်းရန် စစ်ကောင်စီကြိုးပမ်း

by

in

အရွယ်ရောက်သည့် အမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေတွင် အကျုံးဝင်သည့် အသက်အပိုင်းအခြားရှိသော လူငယ်လူရွယ်များကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များက နေပြည်တော်ရှိ စားသောက်ဆိုင်များ၌ လာရောက် အလုပ်လုပ်ကိုင်သူများကို တပ်သားသစ်အဖြစ် ရွေးချယ်ရန် ရှာဖွေနေသည်ဟု သိရသည်။

နေပြည်တော်ကောင်စီနယ်မြေရှိ စားသောက်ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်သူ လူငယ်၊ လူရွယ်များကို စစ်သားအဖြစ် စုဆောင်းရန် ဖိအားပေး ကြိုးပမ်းနေသဖြင့် အများစုသည် အလုပ်မှ ထွက်၍ တိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသည်။

အရွယ်ရောက်သည့် အမျိုးသားတိုင်း စစ်မှုထမ်းရမည့် စစ်ကောင်စီ၏ ဥပဒေတွင် အကျုံးဝင်သည့် အသက်အပိုင်းအခြားရှိသော လူငယ်၊ လူရွယ်များကို နေပြည်တော်ကောင်စီနယ်မြေရှိ စားသောက်ဆိုင်တွင် လာရောက်အလုပ်လုပ်နေသူများကို ခေါ်ဆောင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ဩဂုတ် ဒုတိယအပတ်မှစ၍ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များက ပျဉ်းမနားမြို့နယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များကို သုံးကြိမ်ထက်မနည်း အစည်းအဝေးခေါ်ယူ၍ ထိုဆိုင်များတွင် အလုပ်လုပ်နေသောလူငယ်များကို တစ်လလျှင် တစ်ဦး ပေးရမည်ဟု ဖိအားပေးပြောဆိုခဲ့သည်ဟု စားသောက်ဆိုင်ပိုင်ရှင်တချို့က ပြောသည်။

“ပထမကတော့ လူတောင်းတာကို အသိပေးတာ။ နောက်ပိုင်းကြတော့ မပေးရင်၊ ဝင်ဆွဲမယ် ခြိမ်းခြောက်တဲ့ပုံစံတွေ ပြောလာတာ” ဟု ပျဉ်းမနားမြို့နယ်ရှိ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုလတွင် စစ်မှုထမ်းစာရင်းပြည့်မီနေ၍ စက်တင်ဘာလအတွက် စာရင်းတောင်းခံထားကြောင်း ၎င်းက ပြောသည်။

“ခု ပြောတာက နောက်လ လွတ်ကင်းချင်ရင် တစ်လကို သုံးသိန်းပေးရမယ်၊ ပေးတဲ့ဆိုင် ဝင်မဆွဲဘူး၊ အဲသလို ပြောလာတယ်” ဟု ထိုအမျိုးသမီးက အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်ကို ကိုးကား၍ ပြောသည်။

ထိုသို့အုပ်ချုပ်ရေးအဖွဲ့များ ဖိအားပေးခံရမှုများကြောင့် စားသောက်ဆိုင်ပိုင်ရှင်များက အလုပ်သမားလူငယ်များကို စစ်မှုထမ်းရန်ပါရှိက မိမိဘာသာဖြေရှင်းရန် သတိပေးပြောဆိုမှုများရှိသည်ဟု နေပြည်တော်တွင် လာရောက်အလုပ်လုပ်နေသူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ဇာတိ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။

“အလုပ်ထွက်ပြီး တိမ်းရှောင်ဖို့ ပြောတယ်။ အခက်အခဲရှိရင်တော့ ဆက်လုပ်၊ ဒါပေမယ့် တာဝန်မယူနိုင်ဘူးပေါ့နော်။ အိမ်ပြန်စရာရှိတဲ့သူတွေကတော့ ခုလကုန် အလုပ်ထွက်ကြပြီ” ဟု ၎င်းက ဆိုသည်။

၎င်းဇာတိသည် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေထဲ ပါဝင်နေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ၍ နေပြည်တော်သို့ ပြောင်းရွှေ့ကာ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တိမ်းရှောင်ရန် အခက်အခဲရှိနေသည်။

နေပြည်တော်ရှိ စားသောက်ဆိုင်အများစုသည် စစ်ဘေးရှောင်လာသည့် မိသားစုများမှ အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်များအတွက် စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် ခိုလှုံစရာနေရာလည်း ဖြစ်နေသည်။

ယခုလဆန်းက နေပြည်တော်အဝင် တိုးဂိတ်အနီး ဒက္ခိဏသီရိမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပိုင်ဆိုင်သည့် “ မင်္ဂလာပါ” အမည်ရှိ စားသောက်ဆိုင်မှ လူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်သွားမှု ဖြစ်ပွားထားသည်။

“သူတို့ရွာတွေမှာ ဒုက္ခရောက်လို့ နေပြည်တော်လာအလုပ်ကြာတာ၊ အခု စစ်မှုထမ်းအတွက် လူတောင်းတော့ ဒီကောင်တွေ (စားသောက်ဆိုင်ဝန်ထမ်း လူငယ်များ) ဘယ်ပြေးကြမှာလဲ” ဟု စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကလည်း မှတ်ချက်ပြုသည်။

နေပြည်တော်ရှိ အစည်ကားဆုံးလမ်းဖြစ်သည့် ဧရာဝတီလမ်းပေါ်ရှိ စားသောက်ဆိုင်တချို့ကို စစ်မှုထမ်းအတွက် လစဉ် လူတောင်းမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

သို့ရာတွင် စစ်ကောင်စီဗိုလ်ချုပ်များနှင့် နီးစပ်သည့်ဆိုင်တချို့မှာမူ ကင်းလွတ်ခွင့်ရကြောင်း ယင်းလမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက ဆိုသည်။

ဆိုင်တချို့ကလည်း အသက်အကျုံးဝင်သည့် ဝန်ထမ်းအရေအတွက်အပေါ် မူတည်၍ ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထိ အုပ်ချုပ်ရေးအဖွဲ့များကို လာဘ်ထိုး ဖြေရှင်းထားကြရပြီး တချို့ဆိုင်များမှာ ရာထူးမြင့် စစ်ကောင်စီအရာရှိကြီးများ အဆက်အသွယ်ဖြင့် ဖြေရှင်းထားကြသည်ဟု ကြားသိထားရကြောင် ၎င်းက ဆက်ပြောသည်။

ရာဇသင်္ဂဟလမ်းပေါ်ရှိ အမျိုးသားစာကြည့်တိုက်နှင့် မျက်နှာချင်းဆိုင်တွင် သမ္မတလယ်တောအနီး စစ်ကောင်စီတပ် ဒုတပ်ချုပ် စိုးဝင်းနှင့် ဇနီးတို့ ဖွင့်လှစ်ထားသည့် The View စားသောက်ဆိုင်ရှိ အလုပ်သမားများမှာ တပ်မိသားစုဝင် သားသမီးများ ဖြစ်သည်။

ယင်းဆိုင်မှ ဝန်ထမ်းများကို စစ်မှုထမ်းအတွက် တောင်းခံထားခြင်းမရှိကြောင်း ဆိုင်နှင့်နီးစပ်သူအချို့က ပြောသည်။

စစ်ကောင်စီသည် ရာနှင့်ချီသော လူငယ်များကို ဖမ်းဆီးပြီးနောက် ၎င်းတို့ အသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေဖြင့် အတင်းကျပ် စစ်သားစုဆောင်းနေသည့်အပြင် အရွယ်သုံးပါးမကျန် အသက် ၃၅ နှစ်အထက် အရွယ် အမျိုးသားများကိုလည်း ကင်းစောင့်ခိုင်းမည့် အစီအစဉ်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

အလားတူ စစ်ကောင်စီသည် နေပြည်တော်လုံခြုံရေးအတွက် ဝန်ထမ်းများ စစ်မှုထမ်းရန် ယမန်နှစ် နိုဝင်ဘာလလယ်ခန့်ကလည်း ညွှန်ကြားခဲ့သေးသည်။

နိုင်ငံအနှံ့ စစ်မီးဝိုင်းနေပြီး ဆုံးရှုံးမှုကြီးမားနေသည့် ဗိုလ်ချုပ်ကြီးများက ၎င်းတို့ ရုံးစိုက်ရာမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများဖြင့် တပ်ဖွဲ့ခွဲများ အမြန်ဖွဲ့စည်းရန် ထိုစဉ်က ညွှန်ကြားခဲ့သည်။