ညောင်လေးပင်တွင် ပြည်သူ့လုံခြုံရေးဖွဲ့ရန်အတွက် ရပ်ကွက်တစ်ခုလျှင် အနည်းဆုံး လူ ၁၀ ‌ယောက် ပါဝင်ရမည်ဟုဆိုကာ စတင်လူစုဆောင်း

by

in

ညောင်လေးပင်တွင် ပြည်သူ့လုံခြုံရေးဖွဲ့ရန်အတွက် ရပ်ကွက်တစ်ခုလျှင် အနည်းဆုံး လူ ၁၀ ‌ယောက် ပါဝင်ရမည်ဟုဆိုကာ စတင်လူစုဆောင်း
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဩဂုတ် ၂၈ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့တွင် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းရန်ဟုဆိုကာ ညောင်လေးပင်မြို့အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်တစ်ခုလျှင် လူဆယ်ဦး အနည်းဆုံးပါဝင်ရမည်ဟုဆိုကာ စတင် လူစုဆောင်း နေကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် ထွေအုပ်ရုံးတွင် အုပ်ချု‌ပ်ရေးမှူးများကို အစည်းအဝေးခေါ်ကာ ရပ်ကွက်အတွင်း ရှိ အသက် ၃၅ နှစ်မှ ၆၅ ကြား အရွယ်ရှိသူများကို စုဆောင်းကာ တစ်ရပ်ကွက်လျှင် အနည်းဆုံး လူဆယ်ဦး ဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း သိရသည်။
“လောလောဆယ် ရတဲ့သတင်းကမြို့ပေါ်ရပ်ကွက်တွေပဲ‌ခေါ်တာ။ ရွာတွေက သူတို့စိုးမိုးဧရိယာကသိပ်မှ မရှိတော့တာ။ မြို့ပေါ်နားနီးတဲ့ ရွာတွေလောက်ပဲရှိတော့တယ်။ နှစ်လ အတွင်း အပြီး ဖွဲ့ရမယ် လို့ဆိုပါတယ်။ ရပ်ကျေး တစ်ခုကို အမာခံ ဆယ် ယောက်ရှိရမယ်။ တိုက်ပွဲဖြစ်ရင် အဲ့ဒီအဖွဲ့တွေက နေရာမရွေး ထောက်ပို့အလုပ် လုပ်ပေးကြရမှာ ဖြစ်တယ်လို့လည်း သိရတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညောင်လေးပင်မြို့ပေါ်တွင် အဓိကအားဖြင့် မြို့မ(၁)၊(၂)၊(၃)၊(၄)၊(၅) ဟူ ၍ ရပ်ကွက် ငါးခု ရှိပြီး စစ်မှုထမ်းဥပဒေအရ အသက် ၃၅ နှစ် ကျော်လွန်နေသူများကို စုဆောင်းနေခြင်းဖြစ်ကြောင်းသိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့က မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည့် တိုင်းအစိုးရတွေ့ဆုံပွဲတွင် ပြည်သူ့လုံခြုံရေးအတွက် ဟုဆိုကာ ပြည်သူတိုင်းရပ်ကွက် အလိုက်၊ လမ်းအလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိရှိရမည်ဖြစ်ပြီး လုံ‌ခြုံရေးစနစ်များ တည်ဆောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
“အခုထုတ်တဲ့ အမိန့်ကလည်း တကယ်တမ်းပြောရင်ရှေ့တန်းပို့မယ့်အစီအစဉ်ပါပဲ။ စကားလုံးလှ အောင်သာ ကိုယ့်ရွာကိုယ်စောင့် ကိုယ့်ရပ်ကွက်ကိုယ်စောင့်လို့ပြောတာပါ။ ဖြစ်လာရင်အကုန်လုံး ထုတ်သုံးမှာကြီးပဲ။ ဒီညွှန်ကြားမှုအမိန့်အောက်မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကတော့ အာဏာ အလွဲသုံးစားမှုတွေလုပ်ကြမှာပဲ။ ဖမ်းဆီးမယ် ငွေညှစ်မယ်။ ပြည်သူကကြားညှပ်တဲ့ အနေအထားမျိုး တွေဖြစ်လာတယ်” ဟု ‌အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပြည်သူ့လုံခြုံရေးစနစ် ဟုဆိုကာ စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ်ကို ကျော်လွန်‌နေသည့် အသက် ၃၅ နှစ်မှ ၆၅ နှစ် အတွင်း အမျိုးသားများကို စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ကာ ရပ်ကွက်ကျေးရွာများတွင် ကင်းစောင့်ခိုင်းမည့် စနစ်ကိုအကောင်အထည်ဖော်ခြင်းဖြစ်သည်။
ဓာတ်ပုံ – အင်တာနက်
#ညောင်လေးပင် #စစ်ကောင်စီ #ပြည်သူ့လုံခြုံရေး #စစ်မှုထမ်းဥပဒ #ကင်းစောင့် #Ayeyarwaddy_Times