ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ရဲစခန်းများကို PDF ဝင်တိုက်
ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၅
ရန်ကုန်-မန္တလေး အမြန်လမ်း ၁၇၂ မိုင်ရှိ မင်းရဲ ရဲစခန်းနှင့် ၁၂၄ မိုင်ရှိ နတ်ရေတွင်း ရဲစခန်းတို့ကို မတ် ၂၆ ရက် နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယနေ့ ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ(၂)၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၂)၊ အမှတ် (၃၈၀၁) တပ်ရင်းနှင့်အမှတ်(၃၇၀၁) တပ်ရင်းတို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်းပေါ်သို့ မောင်းနှင်လာသော စစ်ကား ၂ စီးကို မတ် ၂၅ ရက်၊ ည ၁၀ နာရီကျော်၌ ဘော်ဒါကျေးရွာနှင့် ပေါ်လံကြီးကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ(၂)၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၁)၊ တပ်ခွဲ(၃)၊ ပြည်ခရိုင်တပ်ရင်း(၃၆၀၂)တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အင်အား ၃၀ ခန့်ပါ သော စစ်ကားတစီး ချောက်ထဲပြုတ်ကျခဲ့သလို စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ် ပြန်ထားသည်။
အဆိုပါတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။
ဓာတ်ပုံ – PVTV
