စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော

by

in

စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော
မတ် ၂၆၊ ၂၀၂၅
စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးက ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးတွေဟာ မဖြစ်နိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဦးဆောင်နေတဲ့ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေဦးဆောင်ပြီး နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
“ကျွန်တော်တို့က ဘာသတ်မှတ်ချက်မှ မရှိဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေက သတ်မှတ်ချက်တွေရှိတယ်။ တပ်မတော်က နိုင်ငံရေးက ထွက်မှတို့၊ တပ်မတော်ကို ဖျက်မှတို့၊ ယာယီအစိုးရဖွဲ့မှတို့ စသဖြင့် ဒီလိုမျိုး ကန့်သတ်ချက်တွေ၊ အဲ့ဒါတွေရှိမှ လာဆွေးနွေးမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေရှိတယ်” လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးနဲ့ အတိုက်အခံအင်အားစုတွေဟာ စစ်တပ် နိုင်ငံရေးက ထွက်ဖို့ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ဆက်တိုက်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။
စစ်အာဏာသိမ်းမှုနဲ့ စစ်ရာဇဝတ် ကျူးလွန်မှုတွေအပေါ်လည်း တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ဝန်ခံဖြေရှင်းပေးဖို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုထားပါတယ်။
စစ်​ကောင်စီက ​အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်နဲ့ ထိ​တွေ့ဆက်ဆံမှု ပုံမှန်ပြုလုပ်​နေ​တဲ့ NCA လက်မှတ်​ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ စစ်​​ကောင်စီထံ မှတ်ပုံတင်ထား​တဲ့ ပါတီတွေ၊ အရင်အစိုးရလက်ထက် MPC အဖွဲ့ဝင်တွေနဲ့ လုပ်ငန်းရှင်တချို့ ပါဝင်တဲ့ အမည်ခံ ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲ​ကို နေပြည်တော် MICC 2 မှာ မတ်လ ၂၄ ရက်ကနေ ၂၆ ရက်ထိ သုံးရက်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။