ရန်ကုန်အရှေ့ပိုင်းခရိုင်က မြို့နယ်များ မီးပျက်ချိန်ထပ်တိုးမည်
မတ်-၂၄ ၊၂၀၂၅။ရောင်နီ/People’s Spring
ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များ လေးနာရီ မီးပေး၊ ၈နာရီ မီးပျက်စနစ်ဖြင့် အလှည့်ကျမီးပေးမည်ဟု သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက အသိပေးထားသည်။
“A၊B၊C သုံးအုပ်စု ပြန်ဖြစ်သွားပါသဖြင့် ၄နာရီလာ ၈နာရီပျက်ဖြစ်မည်ဖြစ်ကြောင်း
အသိပေးအပ်ပါသည်”ဟု မတ် ၂၄ရက်တွင် ရန်ကင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးက အသိပေးထားသည်။
လေးနာရီ မီးပေး၊ ရှစ်နာရီ မီးပျက် စနစ်ဖြစ်သောကြောင့် ယင်းခရိုင်အတွင်းရှိ မြို့နယ်များသည် တစ်ရက်လျှင်ပျှမ်းမျှ ၈နာရီသာ မီးရရှိမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ ခရိုင်လေးခုအနက် အနောက်ပိုင်းခရိုင်တစ်ခုသာ ၄နာရီမီးပေး၊ ၄ နာရီမီးပျက်စနစ်ဖြင့် တစ်ရက်လျှင် ၁၂နာရီ လျှပ်စစ်မီးရရှိနေပြီး ကျန်ခရိုင် သုံးခုကို အထက်ပါ စနစ်ဖြင့်သာ မီးပေးတော့မည်ဖြစ်သည်။
” ရှစ်နာရီပျက် လေးနာရီ လာဆိုလဲ မှန်မှန်ကန်ကန်ပေးလေ မီးမခိုး နဲ့လေ အခု 1နာရီ လာရမှာလဲ မလာ မီးပေးတဲ့ ဟာတွေ ဘာလုပ်နေလဲ” ဟု ရန်ကင်းမြို့တွင် နေထိုင်သူတစ်ဦးက လျှပ်စစ်ရုံးကို မေးခွန်းထုတ်ထားသည်။
မီးအလှည့်ကျပေးသည့်စနစ် ရုတ်တရက်ပြောင်းလဲရခြင်းဖြစ်သောကြောင့် မတ်လ၂၄ ရက်တွင် အချို့နေရာများ၌ ၁၂ နာရီ အထိမီးပျက်နိုင်ကြောင်း လျှပ်စစ်ဌာနမှ ဝန်ထမ်းတစ်ဦးက ရေးသားထားသည်။
မီးပျက်မည့်အကြောင်းကို ကြိုတင်ကြေညာခြင်းမရှိပဲ ပျက်မည့်နေ့မှ အသိပေးသည့် အပေါ် လျှပ်စစ်ဌာနကို ပြည်သူများက ဝေဖန်ထားသည်။
“နပတက လူကြီးလာတာတို့ စာမေးပွဲရှိတာတို့ဆို Generator တွေရဲ့ Sensor က သိတယ်ဗျ ဘာပြဿနာမှမရှိ ဘာအကြောင်းပြချက်မှ မရှိတော့ဘူး။ လူကြီးပြန်သွားတာတို့ စာမေးပွံပြီးသွားတာတို့ဆိုရင်လဲ သိတာပဲ အလိုလိုထပျက်တာ အကြောင်းပြချက်မျိုးစုံကို ပေးတော့တာ။
ဒီ Generator တွေကိုက လူလိုသိလွန်းနေတာ မခက်ဘူးလားဗျာ “ဟု ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲရက်တွင်လည်း လျှပ်စစ်မီးကို ယခင်ကာလများကဲ့သို့ အချိန်ပြည့်ပေးထားခြင်းမရှိကြောင်း ပြည်သူများက ပြောသည်။
“သန်လျင်က ဘုရားကုန်းကျေးရွာ တို့ နတ်စင်တရာ တို့ အဲဒီ့ဘက်တလျှောက်ဆို ည ကိုးနာရီကနေ မနက် ၅ နာရီပဲ မီးပေးတယ်”ဟု သန်လျင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ခရိုင်လေးခုကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလဆန်းကလည်း လေးနာရီမီးပေး၊ ရှစ်နာရီမီးပျက်စနစ်ဖြင့် မီးပေးခဲ့ပြီးနောက် အနောက်ပိုင်း နှင့် အရှေ့ပိုင်း ခရိုင်တို့ကို လေးနာရီမီးပေး လေးနာရီမီးပျက် သည့်စနစ်သို့ ပြန်လည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သာကေတ၊ ဒဂုံမြို့သစ် မြောက်ပိုင်း ၊ ဒဂုံမြို့သစ်တောင်ပိုင်း ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကင်နှင့် ဒေါပုံ စသည်မြို့နယ်များ ပါဝင်သည်။
ရန်ကုန်မြို့၌သာမကပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးပေးသည့် အချိန်နည်းပါးနေခြင်းဖြစ်ပြီး အချို့မြို့များ၌ တစ်ရက်လျှင် နာရီအနည်းငယ်သာ မီးရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏မိသားစုဝင်များကို ဆိုလာလုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသောကြောင် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ပြည်သူအချို့က သုံးသပ်ထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာကစတင်၍ မီတာခကို ယခင်ထက် နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံလျက်ရှိသောကြောင့် လျှပ်စစ်မီးမလာသော်လည်း မီတာခကို ယခင်ထက် နှစ်ဆမက ပေးဆောင်နေရသည်ဟု ဒေသခံများက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုသည် နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။
ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်တော့သည်။
အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန်နဝါရီက မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။
သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။
နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။
(ရန်ကုန်မြို့ လျှပ်စစ်မီးပျက်နေသည်ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)
