မုံရွာ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ/စစ်သည် အရံစစ်ကြောင်း ၁ မှ အရာရှိ ၁ ဦး အပါအဝင် ၉ ဦးသေဆုံး၊ အုပ်ချုပ်မှုရုံး၊ ရဟတ်ယာဥ် ထားရှိရာ ဂိုဒေါင်နှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများ မီးလောင်
ရန်ကုန်၊ မတ် ၂၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အရာရှိ/စစ်သည် အရံစစ်ကြောင်း ၁ မှ အရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး အုပ်ချုပ်မှုရုံး၊ ရဟတ်ယာဥ် ထားရှိရာ ဂိုဒေါင်နှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများ မီးလောင်ခဲ့ကြောင်း Brave Warriors for Myanmar-BWM မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ အုပ်ချုပ်မှုရုံး မီးလောင်ခဲ့ပြီး အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီး စာရေးများ အပါအဝင် အခြားအဆင့်စစ်သည် ၆ ဦးဒဏ်ရာရရှိကာ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ စာရေး ၂ ဦးသည် ဒဏ်ရာ ပြင်းထန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရဟတ်ယာဥ်ရပ်နားထားရှိရာ ဂိုဒေါင်လည်း မီးလောင်ခဲ့ပြီး လုံခြုံရေးယူရန် အသင့်စောင့်နေသော တပ်နယ်အသီးသီးမှ အရာရှိ/စစ်သည်အရံစစ်ကြောင်း (၁) မှ အရာရှိ ၁ ဦးနှင့် အခြားအဆင့် စစ်သည် ၆ ဦး သေဆုံးကာ စစ်သည် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အမှတ် ၈၁ ဆက်သွယ်ရေးအလုပ်ရုံ အတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းများလည်း မီးလောင် ခဲ့ကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တွင် MI 17 စစ်ရဟတ်ယာဥ် ၂ စီး ပုံမှန် အတက်အဆင်းလုပ်နေသော်လည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ညပိုင်းတွင် ရဟတ်ယာဉ် ၁ စီသာ အတက်အဆင်းလုပ်သည်ကို တွေ့မြင်နေရ သော ကြောင့် ရဟတ်ယာဥ် ၁ စီးလည်း ထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။
“ဒီတခေါက် မစ်ရှင်က ထူးခြားတာတော့ရှိပါတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေ ပစ်ပြီးတဲ့အချိန်မှာ သူတို့ဘက်က ဘာမှကို ပြန်လည် ပစ်ခတ်ခြင်း မပြုတာကတော့ ထူးခြားချက်တစ်ခုရှိပါတယ်။ ပစ်မယ့်သူတွေပဲ ထိတဲ့အထဲပါသွားတာလား ဘာလားတော့ စဥ်းစားစရာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတဝှမ်းက တော်လှန်ရေးညီအစ်ကိုမောင်နှမများနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နေမယ်ဆိုတာကို ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar-BWM မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။