သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး
မတ် ၂၀၊ ၂၀၂၅
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကိုပြောပါတယ်။
မတ်လ ၂၀ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ်အနောက်ဘက်မှာရှိတဲ့ အောင်သစ္စာလမ်းနေ စစ်အုပ်စုလက်ဝေခံတွေရှိရာကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အဲ့ဒီအောင်သစ္စာလမ်းက စစ်တပ်နဲ့ပေါင်းနေတဲ့ ဒလန်တွေ၊ ပျူစောထီးတွေကို သွားရောက်သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အခုကာလက စာမေးပွဲလည်း ဖြေနေကြတဲ့အချိန်ဆိုတော့ အရပ်သားတွေမထိခိုက်ဖို့ စာမေးပွဲဖြေတာပြီးတဲ့အထိ အသင့်စောင့်ပြီး ခွဲခဲ့ပါတယ်။” လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကိုပြောပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲသံကို ပြည်ထောင်စုလမ်းမကြီးပေါ်ကပင် ကြားရကြောင်း ဒေသခံတွေက မောင်းကို ပြောကြားခဲ့သလို ကြီးပွားရေးရပ်ကွက်အတွင်း ရှိနေတဲ့ မူခင်းရဲဌာနကနေပါ အခင်းနေရာဆီ လုံခြုံရေးယူ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ပြောက်ကျားတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တဲ့ ကြီးပွားရေးရပ်ကွက်၊ အောင်သစ္စာလမ်းက စစ်ကောင်စီလက်ပါးစေတွေဟာ ရပ်ကွက်နေ လူငယ်တွေ စစ်မှုထမ်းရစေဖို့အတွက် စစ်ကောင်စီထံ သတင်းပို့ကူညီတာမျိုးတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေပေမယ့် သတိပေးရုံသာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နိုင်က ပြောပါတယ်။
“ပြောချင်တာကတော့ မိဘပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ မပူးပေါင်းပါနဲ့။ သူတို့အနီးမှာလည်း မနေကြနဲ့ပေါ့နော်။ စစ်တပ်နဲ့ပေါင်းပြီး ဒလန်လုပ်တာ၊ စစ်မှုထမ်းဖို့ လက်ညိုးထိုးခိုင်းစေတာ၊ အားပေးတာတွေမလုပ်ဖို့ ကျနော်တို့ သတိပေးပါတယ်။ နောက်တစ်ခါကျ ပြတ်ပြတ်သားသား အရေးယူမှာပါ။” လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်နိုင်က ပြောပါတယ်။
ပုံစာ – Mother Son ပြောက်ကျားတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် လက်ပစ်ဗုံး ၂လုံးနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် နေရာကို တွေ့ရစဥ်