ဧရာဝတီတိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲဖြစ်နေ
~~~
■ ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ ဒီရက်ပိုင်းတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအကိုသိရှိတဲ့ ဒေသခံတွေက မတ် ၂၀ ရက် ဒီနေ့မှာ ပြောပါတယ်။
လေးမျက်နှာမြို့နယ် ချင်းလယ်ရွာအနီး တိုက်ပွဲအတွင်း မတ် ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ် ၂၀ ရက်နေ့အထိထည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်နဲ့ နယ်မြေတစ်ဆက်တည်းဖြစ်တဲ့ ရေကြည်မြို့နယ်အခြေစိုက် ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) အမြောက်တပ်အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟုတ်တယ် ဗုံးကြဲသွားတယ်၊ လေးမျက်နှာမြို့နယ်ထဲမှာ။ ရေကြည်မြို့နယ်မှာတော့ ကင်းထောက်လေယာဥ် သဘောမျိုးပေါ့။ အပေါ်မှာ ပတ်ပျံနေတာ။ ဒီနေ့အထိ အမတ (၃၄၄) ရယ်၊ ချင်းလယ်ရယ် အဲဒီနားမှာ တိုက်ပွဲတွေ တော်တော် ပြင်းထန်နေတယ်”
တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ပုသိမ်-မုံရွာလမ်းနဲ့ ဂွ-ငသိုင်းချောင်းလမ်းတို့မှာ ယာဥ်သွားလာခွင့်ကို စစ်ကောင်စီတပ်က မတ် ၁၈ ရက်နေ့ကစပြီး တင်းကျပ်ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်မှာလည်း မတ် ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကမွန်းချင်တောင်နဲ့ သားပေါင်းလေးရွာက ကာကင်းစခန်းတွေကို သာပေါင်းမြို့နဲ့ ၁၅ မိုင်ခန့်အကွာ သဲဖြူရွာအထိ တပ်ဆုတ်ပြီး ခံစစ်ပြင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သာပေါင်းမှာ ဖြစ်တာကတော့ ရင်ဆိုင်တိုက်ပွဲအနေနဲ့ အကြီးကြီးတွေ ဖြစ်နေတာတော့ မဟုတ်ဘူး။ ဟိုဘက်က ဝင်ပစ်လိုက်။ ဒီဘက်ကလည်း နည်းနည်း ခုခံလိုက်၊ အဲဒီလိုတွေ ဖြစ်နေတာ။ မနေ့ကတောင် လက်နက်ကြီးသံတွေ ဆူဆူညံညံ ကြားနေတုန်း။ သဲဖြူကနေ ပစ်နေတာပေါ့”
သာပေါင်းမြို့နယ်က တိုက်ပွဲကြောင့် သဲဖြူ၊ သစ်ဖြူ၊ ကျားခေါင်း၊ သာပေါင်းလေး စတဲ့ရွာတွေအပါဝင် ရွာဆယ်ရွာက ဒေသခံ သုံးထောင်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာလည်း ဝတ်ကုန်း၊ လဲခုံကြီး၊ လဲခုံလေး၊ ရှားတောစု၊ စမ်းကုန်း စတဲ့ရွာတွေက ဒေသခံတစ်ထောင်ခန့် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အရေအတွက် အသေးစိတ်ကို မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် ဒီဇင်ဘာကစလို့ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနေရာတွေမှာ တိုက်ပွဲတွေရှိခဲ့ပြီး လက်ရှိမှာ လေးမျက်နှာမြို့နယ်ထဲမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာတာလို့ ဒေသခံတွေက ပြောပါတယ်။
____
ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
