အာဏာရှင်ဟောင်းမိသားစုများကို အကြမ်းဖက်အဖွဲ့ ထောက်ခံသူများအဖြစ် AA သတ်မှတ်

by

in

ငပလီကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA) က ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့၏ မိသားစုပိုင် ကမ်းခြေဟိုတယ်နှစ်လုံးကို သိမ်းယူ၊ ချိပ်ပိတ် လိုက်သည်။

အာရက္ခတပ်တော်(AA) သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့၏ သားသမီးများကို အကြမ်းဖက်အဖွဲ့ နှင့်ပတ်သက်သူများဟု သတ်မှတ်ပြီး ငပလီကမ်းခြေမှ ဟိုတယ်နှစ်လုံးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ချိပ်ပိတ်သိမ်းယူလိုက်သည်။

အဆိုပါဟိုတယ်များမှာ ဗိုလ်ချုပ်သန်းရွှေ၏သား ဦးသန့်ဇော်ရွှေပိုင် Thande Beach Hotel – Ngapali (သံတဲကမ်းခြေဟိုတယ်-ငပလီ)၊ ဗိုလ်ချုပ်မောင်အေး၏သမီး ဒေါ်နန္ဒာအေးပိုင် Pristine Mermaid Resort ဟိုတယ်တို့ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်သို့ မေးတင်ထားသည့် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေမှ ထိုဟိုတယ်နှစ်လုံး ဆောက်လုပ်ရန် မြေနေရာအတွက် စစ်တပ်ကဒေသခံလယ်သမားများကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ခြိမ်းခြောက်မောင်းထုတ်ခဲ့သည်။

ထိုမိသားစုများသည် ကမ်းခြေဇိမ်ခံဟိုတယ်လုပ်ငန်းမှ အကျိုးအမြတ်များ ဆယ်စုနှစ်နှစ်ခုနီးပါးကြာ ရရှိနေခဲ့ရာမှ ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်းတွင် AA က ငပလီကမ်းခြေကို သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို စွန့်လွှတ်လိုက်ရပြီဖြစ်သည်။

သမိုင်းတစ်ပတ်လည်ခြင်း

မြန်မာစစ်တပ် နှင့် AA တို့သည် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အပြန်အလှန်သတ်မှတ်ထား၍ AA က ထိုသို့ ချိပ်ပိတ်သိမ်း ဆည်းခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်မှုရှိသော ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက Myanmar Now သို့ ပြောသည်။

“အကြမ်းဖက်ဥပဒေနဲ့ ပြောရမယ်ဆိုရင် အကြမ်းဖက်သူတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပိုင်ဆိုင်မှု တွေကို သိမ်းဆည်းတယ်၊ ချိပ်ပိတ်တယ် ဆိုတဲ့ လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုလို့ပဲ ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

၁၉၉၂ မှ ၂၀၁၁ အထိ ၁၉နှစ်ကြာ အာဏာရှင်အဖြစ် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေနှင့် သူ၏အယုံကြည်ရဆုံးလက်ထောက် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးတို့သည့် အာဏာလက်ဝယ်ရှိစဉ် စစ်တပ်ကိုအသုံးပြုပြီး ပြည်သူတို့၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ခဲ့ကြသည်။

အာဏာရှင်ဟောင်းနှစ်ဦးသည် စစ်တပ်အကြီးအကဲအဖြစ်ရာထူးရှိစဉ် ၎င်းတို့ကိုဆန့်ကျင်ကြသည့် ဒီမိုကရေစီနှင့် လူမျိုးစုအခွင့်အရေး တောင်းဆိုသူတို့၏ ပိုင်ဆိုင်မှုများကို မတရားအသင်းနှင့် ဆက်စက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ချိပ်ပိတ်သိမ်းယူခဲ့သည်။

ထို့အပြင် ငပလီကမ်းခြေအပါအဝင် နိုင်ငံအနှံ့မှလယ်ယာမြေဧကသိန်းချီကို စစ်တပ်ပိုင်အဖြစ် သိမ်းဆည်းခဲ့ကြပြီး မိသားစုဝင်များကို ခွဲဝေပေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရခိုင်ပြည်နယ်တွင် တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့မည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရပ်သားများပိုင်ဆိုင်သည့် မြေယာဧကထောင်ချီကို ရယူခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ထဲမှ မြို့နယ်အများအပြားကို AA က ပြန်လည်သိမ်းပိုက်ပြီးချိန်တွင် စစ်တပ်သိမ်းမြေများကို မူလပိုင်ရှင်များထံ ပြန်လည်လွှဲပေးနေကြောင်းလည်း ဦးဖေသန်းက ဆိုသည်။

ဒေသခံများ၏အဆိုအရ AA သည် သံတွဲမြို့တွင်းသို့ အရပ်သားများ ပြန်လည်ခြေချခွင့်ပြုခဲ့သော်လည်း ငပလီကမ်းခြေနှင့် ကမ်းခြေမှဇိမ်ခံဟိုတယ်များသို့ သွားလာခွင့်မပြုသေးဘဲ လုံခြုံရေးတင်းကျပ်စွာချထားသည်ဟု သိရသည်။

“သံတွဲမြို့ထဲမှာတော့ လူတွေနေနေကြပြီ။ ဒါပေမယ့် ငပလီကိုတော့ အရပ်သားတွေ ဝင်ခွင့် မရသေးဘူး။ အဲဒီက ဟိုတယ်တွေကိုတော့ AA က ချိပ်ပိတ်ထားတယ်ဆိုတော့ ဟိုတယ်တွေကိုမဖွင့်ဘူး၊ ပိတ်ထား ပါတယ်” ဟု သံတွဲမြို့ခံတစ်ဦးက Myanmar Now သို့ပြောသည်။

အာဏာရှင်ဟောင်းနှစ်ဦး၏ မိသားစုပိုင် ဟိုတယ်များ ချိပ်ပိတ်သိမ်းယူထားမှုနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန်အတွက် AA ၏ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ငပလီကမ်းခြေမှ အာဏာရှင်ဟောင်း၏ဇိမ်ခံဟိုတယ်များ

၂၀၀၀ ပြည့်နှစ်ကာလတွင် စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သော စစ်အစိုးရလက်ထက်၌ ကာကွယ်ရေးဝန်ကြီးဌာနက ငပလီကမ်းခြေမှ အများပြည်သူပိုင် မြေဧက ဒါဇင်နှင့်ချီကို သိမ်းယူခဲ့သည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ထောက်ချုပ်ရုံးက မြေပိုင်ရှင်ပြုလုပ်ပြီး ထိုမြေများကို စစ်ဗိုလ်ချုပ်သားသမီးများ နှင့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်များကို ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်များ ပြန်လည်ချထားသည့် နည်းလမ်းဖြင့် ငပလီကမ်းခြေကို အပိုင်သိမ်းခဲ့ကြသည်။

ဗိုလ်ချုပ်သန်းရွှေနှင့်မောင်အေးက စစ်တပ်အကြောင်းပြပြီး သားသမီးများအတွက်

ငပလီကမ်းခြေတွင်မြေသိမ်းပြီး ဟိုတယ်ဆောက်ခွင့်ပေးသည့်အကြောင်း အပြည့်အစုံဖတ်ရန်

ထိုမြေများကို တစ်လလျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ တစ်ထောင် (၁,၀၀၀) နှုန်းခန့်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ဦးသန်းရွှေ၏ သားသမီးရှစ်ဦးအနက်မှ အငယ်ဆုံးဖြစ်သည့် ဦးသန့်ဇော်ရွှေသည် ငပလီကမ်းခြေ၊ မြပြင်ကျေးရွာရှိ တပ်သိမ်းမြေပေါ်မှ မြေ ၅ ဒသမ ၂၀ ဧကကို နှစ် ၄၀ ကြာ ငှားရမ်းစာချုပ်ဖြင့် ၎င်း၏ ဖခင်ဦးဆောင် စီမံသော စစ်တပ်ထံမှ လုပ်ကိုင်ခွင့်ရခဲ့သည်။

ထိုမြေပေါ်တွင် ဦးသန့်ဇော်ရွှေက ‘Thande Beach Hotel – Ngapali’ (သံတဲကမ်းခြေဟိုတယ်-ငပလီ) အမည်ဖြင့် အခန်းပေါင်း ၇၀ ခန့်ပါသည့် ကြယ်လေးပွင့်ဟိုတယ် ဆောက်လုပ်ခဲ့သည်။

Screenshot

ဦးသန့်ဇော်ရွှေ ပိုင်ဆိုင်သော ဟိုတယ်၏ အခန်းငှားခစျေးနှုန်းမှာ တစ်ရက် ဒေါ်လာ ရာ ထောင်ချီရှိသော်လည်း စစ်ထောက်ချုပ်ရုံးသို့ ပေးနေရသော မြေငှားရမ်းခမှာ တစ်လလျှင် ကျပ် ၂၁ သိန်းနှင့် ၁၀၈၃ ဒေါ်လာသာ ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေသားနည်းတူ ထိုအချိန်က စစ်တပ်တွင် နံပတ် ၂ ဖြစ်သော ဗိုလ်ချုပ်မောင်အေး၏ သမီး ဒေါ်နန္ဒာအေးသည်လည်း ငပလီ တပ်သိမ်းမြေထဲမှ မြေလေးဧကကျော်ရှိ အကောင်းဆုံး မြေကွက်တစ်ခုတွင် ဟိုတယ်ဆောက်လုပ်ခွင့်ရထားသည်။

ဒေါ်နန္ဒာအေးသည် ဗိုလ်ချုပ်သန်းရွှေလက်ထက် တန်ခိုးထွားခဲ့သည့် စက်မှု (၁) ဝန်ကြီး ဗိုလ်ချုပ်အောင် သောင်း၏ သားဖြစ်သူ ဦးပြည်အောင်၏ ဇနီး ဖြစ်သည်။

ထိုသို့ မိဘအသိုင်းအ၀ိုင်းတောင့်တင်းမှုကြောင့် ဒေါ်နန္ဒာအေးတို့သည် ငပလီကမ်းခြေ မြပြင်ကျေးရွာရှိ မြေနေရာကို စစ်တပ်ထံမှ ငှားရမ်းခြင်းမျိုးမဟုတ်ဘဲ ဥယျာဉ်ခြံမြေကို စည်ပင်ဌာနသို့ တင်ပြ၍ ၎င်း၏ ကိုယ်ပိုင်အမည်ဖောက်ကာ အပိုင်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရွက်စာတမ်း အထောက်အထားများအရ သိရသည်။

၂၀၁၄ ခုနှစ်ကတည်းက ၎င်း၏ ပိုင်ဆိုင်ခွင့်ရထားသော ထိုမြေပေါ်တွင် ၂၀၁၇ ခုနှစ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် အခန်း ၄၆ ခန်းပါရှိသည့် ဇိမ်ခံအဆင့်မြင့် Pristine Mermaid Resort ဟိုတယ် ဆောက်လုပ်ခဲ့သည်။

ထိုဟိုတယ်သည် ငပလီကမ်းခြေတွင် အကောင်းဆုံးနှင့် စျေးအကြီးဆုံးဟိုတယ်စာရင်းဝင်သည်။

ဒေါ်နန္ဒာအေးတို့ လင်မယားက သစ်လွင်သောကြာပန်းဟိုတယ်အုပ်စု (Pristine Hotel Group) အနေဖြင့် လုပ်ကိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ခွင့်ပြုချက်ရရှိရန် တင်ပြသော စာရွက်စာတမ်းများအရ သိရသည်။

ဦးပြည်အောင်၏မွေးချင်းဖြစ်သူ မိုးအောင်သည် စစ်ကောင်စီ၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် လက်ရှိ တာဝန်ယူထားပြီး ၂၀၂၄၊ ဇန်နဝါရီလမတိုင်မီအထိ ရေတပ်ဦးစီးချုပ်ရာထူးရရှိခဲ့သူဖြစ်သည်။

ခရိုနီဟိုတယ်များလည်း အသိမ်းခံရ

မြေတစ်ဧက လျော်ကြေး ကျပ် “၇၀၀၀” နှုန်းဖြင့် လက်ဝါးကြီးအုပ်ခဲ့သော ငပလီကမ်းခြေမှ တပ်သိမ်း မြေများကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မိသားစုများအပြင် ၎င်းတို့နှင့် ပနံသင့်သော ခရိုနီများကလည်း ဝေစုများရခဲ့ကြသည်။

ထိုသူများမှာ ထူးကုမ္ပဏီအုပ်စုမှ ဦးတေဇ၊ Max ဦးဇော်ဇော်၊ ဧဒင်လုပ်ငန်းစု ဦးချစ်ခိုင်၊ အာဏာရှင် မိသားစု၏ စီးပွားဖက်ဖြစ်သော ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ဦးနေဝင်းထွန်း (ပတ္တမြားနဂါး)၊ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း၏ သမီးဒေါ်သန္တာနေဝင်းတို့ဖြစ်သည်။

ထို့အပြင် မင်းဇာနည်လုပ်ငန်းစု ဦးညိုမင်း၊ အမေးဇင် (Amazing)ဟိုတယ်လုပ်ငန်းစု ဦးအောင်မျိုးမင်းဒင်၊ Fortune International Group ဦးမြဟန် နှင့် Myanmar Alinkar Group ဦးဆန်းနောင် တို့လည်း ပါဝင်သည်။

ထိုသူများသည် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးထံမှ ထိုမြေများကို ကာလရှည် နှစ် ၅၀ မှ ၇၀ အထိ မြေငှားရမ်း ခွင့်ရရှိထားပြီး အခန်းပေါင်း ၅၀ ထက်မနည်းသော ပါဝင်သော ဟိုတယ်လုပ် ငန်းများ လုပ်ကိုင်လျက်ရှိကြသည်။

၎င်းတို့၏ ဟိုတယ်များတွင် တစ်ရက် တည်းခိုခ နှုန်းထားမှာ ဒေါ်လာ ၁၀၀ မှ ၂၀၀ ဝန်းကျင်အထိရှိသော်လည်း မြေငှားရမ်းခအဖြစ် တစ်လလျှင် ကျပ် သိန်း၂၀ကျော် နှင့် ဒေါ်လာ ၁၀၀၀ ကျော်သာ စစ်တပ်သို့ ပေးသွင်းရန် လိုအပ်သည်။

ငပလီကမ်းခြေမှ အာဏာရှင်များနှင့် ခေတ်အဆက်ဆက် ရင်းနှီးကျွမ်းဝင်ပြီး စီးပွားဖက်များ
ဖြစ်ခဲ့ကြသော ထိုခရိုနီများ၏ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိမှုများကို အပြည့်အစုံဖတ်ရန်

ယခုအခါ ထိုဟိုတယ်လုပ်ငန်းအများစုကိုလည်း အာရက္ခတပ်တော်(AA) က ချိပ်ပိတ်သိမ်းဆည်း ထားသည်ဟု Myanmar Now က စုံစမ်းသိရရှိသည်။

သိမ်းဆည်းထားသော ဟိုတယ်လုပ်ငန်းအရေအတွက် နှင့် မည်သည့် ဟိုတယ်များ ပါဝင်သည်ကို AA က ထုတ်ပြန်လာခြင်းမရှိသေး၍ အသေးစိတ် မသိရှိရသေးပေ။

ဦးအောင်မျိုးမင်းဒင်၏ ငပလီရှိ Amazing ဟိုတယ်သည် ပိတ်ထားရပြီး ချိပ်ပိတ်ခံထားရသည့် အခြေအနေရှိသည်ဟု ထိုဟိုတယ်မှ ဝန်ထမ်းတစ်ဦးက Myanmar Nowသို့ ပြောပြသည်။

Amazing ငပလီဟိုတယ်မှ ဝန်ထမ်းများသည် ငပလီကမ်းခြေရှိရာ သံတွဲမြို့၌ တိုက်ပွဲများပြင်းထန်ခဲ့သော လွန်ခဲ့သည့် ၈ လ ဝန်းကျင်ကတည်းက ဧရာ၀တီတိုင်းရှိ ချောင်းသာကမ်းခြေမှ Amazing ဟိုတယ်သို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ရသည်ဟု သူက ဆိုသည်။

ဦးအောင်မျိုးမင်းဒင်ကို Myanmar Now က မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။

ထို့အတူ ဧဒင်လုပ်ငန်းစုပိုင်ရှင် ဦးချစ်ခိုင် ၏ နိုင်ငံတကာအမှတ်တံဆိပ်ဟိုတယ်လုပ်ငန်းဖြစ်သော Hilton ငပလီဟိုတယ်သည် အပြီးတိုင်ရပ်နားလိုက်ပြီဖြစ်ကြောင်း Hilton နေပြည်တော်ဟိုတယ်မှ ဝန်ထမ်းတစ်ဦး က ပြောပြသည်။

ထိုဟိုတယ်သည် ကိုဗစ်ကာလ နောက်ပိုင်းတွင် စီးပွားရေးအရ တွက်ချေမကိုက်ခြင်းကြောင့် ရပ်နားရန် စီစဉ်ထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း၌ အပြီးပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ် တောင်ကုတ်မှ မြန်မာစစ်တပ်နှင့်နီးစပ်မှုရှိသော စီးပွား ရေးလုပ်ငန်းရှင် ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများ အပါအဝင် နေအိမ်နှင့်စီးပွားရေး လုပ်ငန်း တချို့ကို AA က ချိပ်ပိတ် သိမ်းဆည်းခဲ့သည်။