ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံးသွားသည့် တန်းမြင့်သင်တန်းကျောင်းမှ စစ်ကောင်စီတပ် အရာရှိကို ကျောင်းအနီးတွင် တိတ်တဆိတ်သင်္ဂြိုဟ်

by

in

ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံးသွားသည့် တန်းမြင့်သင်တန်းကျောင်းမှ စစ်ကောင်စီတပ် အရာရှိကို ကျောင်းအနီးတွင် တိတ်တဆိတ်သင်္ဂြိုဟ်
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက-၅)မှ စစ်ကောင်စီအရာရှိတစ်ဦး သေဆုံးသွား၍ ကျောင်းအနီးတွင် တိတ်တဆိတ် သင်္ဂြိုဟ်သွားကြောင်း သိရသည်။
တတက-၅ မှ စစ်ကောင်စီတပ်အရာရှိတစ်ဦးသည် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံး သွားသဖြင့် ယနေ့ မတ် ၁၉ ရက် နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်တွင် သင်တန်း‌ကျောင်းအနီး ရခိုင်ကုန်း ကျေးရွာ သုဿာန်တွင် သင်္ဂြိုဟ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“ရခိုင် ဧရာအစပ်မှာတိုက်ပွဲတွေပြင်းထန်နေတာ။ ဒီမနက် ၁၀ နာရီလောက်က ပုသိမ်နတခက တက်လာတဲ့ Mi 17 ရဟတ်ယာဉ် မြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကျေး ရွာတွေရော မြို့နယ်တွေပေါ်မှာပါ ကင်းပတ်ပြီးပျံနေတာအကြာကြီးပဲ။ နေ့တိုင်းလိုလို လေကြောင်းတက် နေတာ တစ်နေ့ကို သုံးလေးခါမနည်းဘူး” ဟု ကွင်း ကောက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းမြို့နယ်တွင် ပြီးခဲ့ သည့် မတ် ၁၃ ရက်နေ့မှစကာ တိုက်ပွဲများပြန်လည် ပြင်းထန်လာပြီး စစ်ကောင်စီသည် လေကြောင်းမှတိုက် ခိုက်မှုများရှိနေကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်မှာ သဲဖြူရွာနှင့် အမြောက်တပ် ၃၄၄ အနီးသို့ ရောက်ရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။
ထို့အပြင် လေးမျက်နှာမြို့အနီးတွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာသည့်အတွက် AA အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရရှိသူများကို ပုသိမ်ဘက်သို့ ပြန်လည်ခေါ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် သင်တန်းသားသစ်များနှင့် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် လူငယ်များကို တိုက်ပွဲဖြစ်ပွားရာနေရာများသို့ အဓိကထားပို့ဆောင်နေသည့်အတွက် တပ်မှထွက် ပြေးသူများလည်းရှိနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။
#ဧရာဝတီတိုင်း #စစ်ကောင်စီ #တတက ၅ #သင်တန်းကျောင်း #အရာရှိ #သေဆုံး #တိတ်တဆိတ် #သင်္ဂြိုဟ် #Ayeyarwaddy_Times

လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ပုသိမ်သို့ပို့ရာ လမ်းတွင်သေဆုံးကုန်

ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေး ရွာနှင့် စက်စက်ယိုကျေးရွာတို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်သို့ အရေးပေါ်ပို့ဆောင်ရာ လမ်းတွင်ပင် သေဆုံးကုန်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း ရိုးမတောအနီးရှိ ချင်းလယ်ကျေးရွာဘက်သို့ စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပို့တုန်းကတော့ ဒဏ်ရာရတွေ အရေးပေါ်အခြေအနေတွေကို ကားတွေနဲ့ပုသိမ်ကို ခေါ်လာတာ။ ဆေးရုံမရောက်ခင် လမ်းမှာ‌တင်သေကုန်လို့ အကုန်ရေခဲတိုက်ထဲပို့ရတယ်။ ထိတွေ့တိုက်ပွဲက ချင်းလယ် အထိရောက်နေပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ချင်းလယ်ကျေးရွာတွင် အခြေချတပ်စွဲထားပြီး ကျေးရွာအတွင်းရှိ ဒေသခံများကို ဘုန်းကြီး ကျောင်းဝင်းအတွင်းပိတ်ဆို့ထားပြီး စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ငါးသိုင်းချောင်းမြို့ နာရေးကူညီမှုအသင်းဖြစ်သည့် အာယုပါလရှိ လူနာတင်ယာဉ်များကို ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်ရန်အတွက် အဆင်သင့်ပြင်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

တိုက်ပွဲကြောင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ဝတ်ကုန်း၊ လဲခုံကြီး၊ လဲခုံလေး၊ ရှားတောစု၊ စန်ကုန်း စသည့်ကျေးရွာများမှ ဒေသခံများအရေးပေါ်ပြောင်း ရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် သာပေါင်းမြို့နယ်ရှိ အမြောက်တပ် ၃၄၄ အနီးနှင့် သဲဖြူကျေးရွာ ကမွန်းချဥ်ကုန်းတို့တွင် စစ် ကောင်စီနှင့် AAပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများ ပေးလျက်ရှိကြောင်း သိရသည်။

ပုံစာ-ရခိုင်-ဧရာ၀တီအစပ်တွင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ
#ဧရာဝတီတိုင်း #လေးမျက်နှာမြို့ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #တပိသား #ဒဏ်ရာရ #သေဆုံး #Ayeyarwaddy_Times