အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်
မတ် ၁၇၊ ၂၀၂၅
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့ စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းတွေမှာ ဒီနေ့ မတ်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အပတ်စဉ် (၁၁) အတွက် စစ်မှုထမ်းမယ့် အရေအတွက်ကိုတော့ တရားဝင်ထုတ်ပြန်လာခြင်းမရှိပါဘူး။
အာဏာသိမ်းစစ်တပ်ရဲ့ ကနဦး ထုတ်ပြန်ချက်တွေအရ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေ ၅၀၀၀ အထိ စုဆောင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အပတ်စဉ် (၁၁) အထိ အပတ်စဉ် တစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့ စုဆောင်မယ်ဆိုရင် စုစုပေါင်း လူဦးရေ ၅၅၀၀၀ အထိ စုဆောင်းထားနိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် CDM ပြုလုပ်လာတဲ့ စစ်တပ်အရာရှိတွေရဲ့ ပြောကြားချက်အရ အပတ်စဉ် တစ်ခုကို သတ်မှတ်ထားတဲ့ လူဦးရေ ၅၀၀၀ မပြည့်ဘဲ အချိန်မီ သင်တန်းဆင်းပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပို့ဆောင်နေရတယ်လို့ သိရပါတယ်။
တပ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအတွက် နိုင်ငံတစ်ဝန်း သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး လူငယ်လူရွယ်တွေအပေါ် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခဲ့မှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ စတင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၀ ခုအတွင်း အရပ်သားလူငယ် ၁၂,၆၅၅ ယောက်ကို အတင်းအဓမ္မစုဆောင်းခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့ သုတေသန အစီရင်ခံစာတွေအရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် (၁၀)အထိ လူဦးရေ ၁၅၀၀၀ လောက်ကို အတင်းအဓမ္မစုဆောင်းခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ဖွင့်လှစ်ခဲ့တာကြောင့် တရားမဝင် စစ်မှုထမ်းဥပဒေအသက်ဝင်မှုဟာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။