အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး
မတ် ၁၇၊ ၂၀၂၅
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
မနေ့က မတ် ၁၆ ရက် ညနေ ၅နာရီကျော်လောက်မှာ ကမ္ဘာအေးဘုရားလမ်းဘေး၊ မြန်မာပလာဇာရှေ့နားက အင်းလျားကန်ဘောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်အယောက် ၂၀ ကို တန်းစီထိုင်ခိုင်းပြီး စစ်ဆေးမှုတချို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ လူငယ် အယောက် ၂၀ ထဲက သူတို့ မသင်္ကာတဲ့ ၆ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီ လူငယ် ၆ ယောက်ခန့်ကို အိမ်စီးကား ၃ စီးနဲ့ လူခွဲတင်ကာ တခြားနေရာသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရန်ကုန်ရဲ့ လူစည်ကားရာ နေရာအချို့မှာ အာဏာသိမ်းစစ်တပ်က မကြာခဏ လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။
အခုရက်ပိုင်းအတွင်း မြောက်ဥက္ကလာ၊ တောင်ဒဂုံမြို့နယ်တွေမှာလည်း ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေရှိရင် အကြောင်းမဲ့ ဖမ်းဆီးမှုအချို့ ပြုလုပ်နေတယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
လူငယ်တွေအနေနဲ့ ညသန်းခေါင်မှာ အချိန်လွန် အပြင်သွားလာမှုတွေ၊ လူစုလူဝေးနဲ့ သွားလာမှုတွေကို အထူးသတိပြုရှောင်ရှားကြဖို့ ရန်ကုန်သပိတ်အင်အားစုတွေက သတိပေးထားပါတယ်။
