တောင်ခမ်းပြန်ရပြီဟု အောင်ပွဲခံနေသည့် စစ်ကောင်စီက ခဲယမ်းရိက္ခာနှင့် လူအင်အားများ အပြည့် ဖြည့်၍ တောင်ခမ်းသို့ ထပ်မံပို့ဆောင်နေရ

by

in

တောင်ခမ်းပြန်ရပြီဟု အောင်ပွဲခံနေသည့် စစ်ကောင်စီက ခဲယမ်းရိက္ခာနှင့် လူအင်အားများ အပြည့် ဖြည့်၍ တောင်ခမ်းသို့ ထပ်မံပို့ဆောင်နေရ
ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ တောင်ခမ်းရှိ စစ်ကောင်စီတပ် စခန်းအများစုကို နယ်မြေစိုးမိုးမှု ရယူပြီးကြောင်း အောင်ပွဲခံနေသည့် စစ်ကောင်စီက စစ်ကူများထပ်မံပို့ ဆောင်နေရကြောင်း သိရသည်။
တောင်ခမ်းမှ နယ်မြေ များကို စိုးမိုးမှုယူပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့က ရန်ကုန်တွင်ကြိုဆိုပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် မြေပြင်ထိုးစစ်များသုံး၍ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အပြန်အလှန်ထိုးစစ်ဆင်နေသည့် တောင်ခမ်းရှိ စခန်း အချို့ကို ပြန်လည်စိုးမိုးထားနိုင်ကြောင်း သိရသည်။
TNLA တပ်များ သိမ်းပိုက်ထားသော အင်အား ၂၀ ခန့်ရှိ စခန်းတစ်ခုကို ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့တွင် ပြန်လည် သိမ်းဆည်းလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသော်လည်း စစ်ကောင်စီသည် မတ် ၁၄ ရက်နေ့တွင်ပင် ရိက္ခာနှင့် ခဲယမ်းယာဉ်တန်းများကို ရွှေညောင်မှ ဗထူးသို့ ပို့ဆောင်နေပြီး အင်တော၊ ကျောက်ဂူဘက်သို့ ဆက်လက်ချီတက်သွားကြောင်း စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။
“စစ်ကောင်စီက ဒရုန်းတွေရော လေကြောင်းရော အင်အားအလွန်အကျွံ သုံးထားတယ်။ စစ်ကူတွေလည်း မနည်းဘူးထပ်ပို့နေတာ။ ကျွန်တော်တို့ဘက်က လည်း ပြန်ထိုးစစ်ဆင်ဖို့ရှိပါတယ်”ဟု စစ်ရေးသတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီယာဉ် ရှစ် စီးပါယာဉ်တန်းသည် ကျောက်ဂူဘက်မှတစ်ဆင့် ဆက်လက် တက်ရောက်နိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။
ယနေ့ မတ် ၁၆ ရက် နေ့လယ် ၁ နာရီအချိန်ခန့်ကလည်း စစ်ကား ခြောက် စီးပါယာဉ်တန်းသည် ထင်းကွင်းရွာအထွက် မုဆိုးတောင်ခြေရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုဖြတ်ကာ ကျောက်ဂူဘက်သို့ ထွက်သွားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ စစ်ကားတစ်စီးတွင် အင်အား ၃၀ ခန့်ပါဝင်ပြီး စုစုပေါင်းအင်အား ၁၈၀ ခန့် ပါဝင်သည့် အတွက် ကျောက်ဂူမှတစ်ဆင့် တောင်ခမ်းသို့ပို့ဆောင် နေသည့် စစ်ကောင်စီအင်အားမှာ ၃၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်နေသည့် CDM စစ်သား ဗိုလ်ကြီး‌ဇင်ယော်ထံက သိရသည်။
ပုံစာ -ပြင်ဦးလွင်မှ တောင်ခမ်းဘက်သို့သွားသည့် စစ်ယာဉ်တန်း ၁၄ စီးအနက်မှ တစ်စီး