ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မှာ အလောင်းစွန့်ပစ်ခဲ့သည့် IRIS Beauty Clinic ဆေးခန်းပိုင်ရှင်ကို မန္တလေးမှာ ဖမ်းမိ
၂၀၂၅ ၊ မတ် ၁၂
အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ပြီးနောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင်အလောင်းစွန့်ပစ်ခံရသည့် မဇာခြည်ဦးသေဆုံးမှုမှ အဓိကသံသယရှိသူကို မန္တလေးမြို့၌ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအရ သိရသည်။
အဆိုပါဖြစ်ရပ်မှာ ၂၀၂၄ခုနှစ်၊ဒီဇင်ဘာ ၂၇ ညပိုင်းက ဖြစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော လိုင်စင်မဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေး ခန်းသို့ နာမည်ကျော်စားသောက်ဆိုင်ကြီးတစ်ခုမှ စာရင်းကိုင်ချုပ် မဇာခြည်ဦးမှကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ပြီးနောက် သူမအလောင်းကို ဆေးခန်းက စွန့်ပစ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ဇန်န ဝါရီလ ၂ရက်နေ့ ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် သူမအလောင်းတွေ့ရှိခဲ့ရာမှ အဆိုပါအမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသည့် အဓိကသံသယရှိသူဆေးခန်းပိုင်ရှင်ကို မန္တလေးမြို့၌ ဖမ်းဆီးရမိပြီးသက်ဆိုင်ရာစခန်းတစ်ခုတွင် ထိန်းသိမ်းထားရှိကာ အမှုကိုတည်ဆောက်နေဆဲဟု သိရသည်။
ဇော်မင်း(ရန်ကုန်)