တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော
မတ် ၁၀၊ ၂၀၂၅
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
“EAOs တွေကို ကျနော်ပြောချင်တာက ဖြစ်ချင်တာတွေကိုမပြောပါနဲ့ ဖြစ်သင့်တာကိုပဲ ပြောဖို့ ကောင်းတယ်” လို့ မင်းအောင်လှိုင်က ရုရှားခရီးစဉ်က အပြန် လေယာဉ်ပေါ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။
ပြည်သူလူထုရဲ့ ဆန္ဒကို ငြင်းပယ်ပြီး လက်နက်ပြ အကြမ်းဖက်ကာ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထံ နယ်မြေအမြောက်အမြား ဆုံးရှုံးထားရတဲ့ မင်းအောင်လှိုင်က သူတို့အနေနဲ့ ဒီမိုကရေစီအခွင့်အရေးအပါအဝင် တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးလည်း ပေးထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေရာအနှံ့မှာ စစ်ရှုံးနေတဲ့တိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို အလျော့မပေးကြောင်း ပေါ်လွင်သဘောဆောင်တဲ့ သတင်းစကားမျိုးကို မကြာခဏပြောဆိုလေ့ရှိပါတယ်။
မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် အထိမ်းအမှတ် အခမ်းအနားတွေမှာလည်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကြောင်း မကြာခဏ မိန့်ခွန်းပြောလေ့ရှိပြီး နိုင်ငံတဝန်းမှာတော့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်လျက်ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်မှုမျိုး မပြုလုပ်ဘဲ အားလုံးပူးပေါင်းကြဖို့လည်း စစ်ခေါင်းဆောင်က ရုရှားခရီးစဉ်အပြီး ပြောကြားခဲ့ပါသေးတယ်။
မင်းအောင်လှိုင်က ရွေးကောက်ပွဲကို စစ်အာဏာသိမ်းမှု သက်တမ်း ၅ နှစ်ခန့်အကြာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (ဒါမှမဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ ပြုလုပ်မယ်လို့ ဘယ်လာရုစ်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
