NUG နဲ့ AA တို့ ပူးပေါင်းပြီး မကွေးတိုင်းထဲ စစ်ဆင်ရေး ဖော်ဆောင်မယ်လို့ သတင်းထွက်၊
မကွေးတိုင်း ကွပ်ကဲမှုကို အမှတ် ၁ စစ်ဒေသ အောက်ကနေ MOD လွှဲပြောင်းရယူ၊
ဂန့်ဂေါခရိုင်အတွက် အမှတ်-၁ စစ်ဒေသက စေလွှတ်ထားတဲ့ KIA အရာရှိတွေ ပြန်ရုပ်သိမ်း၊
MFP ၊ မတ် – ၉
အမျိုးသားညီညွှတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD နဲ့ အာရက္ခတပ်တော် – AA တို့ ပူးပေါင်းကာ မကွေးတိုင်းထဲ စစ်ဆင်ရေး ဖော်ဆောင်မယ်လို့ သတင်းထွက်နေပြီး လက်ရှိမှာ နှစ်ဖက် ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
AA နဲ့ MOD ပူးတွဲပြီး စစ်ဆင်ရေး ဖော်ဆောင်တာတွေ မလုပ်မီ မကွေးတိုင်းရဲ့ စစ်ရေးဆိုင်ရာ ကွပ်ကဲမှုတွေကို အမှတ် ၁ စစ်ဒေသ အောက်ကနေ MOD က လွှဲပြောင်းရယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခု ဖေဖေါ်ဝါရီလအတွင်းမှာပဲ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် အမှတ် ၁ စစ်ဒေသက စေလွှတ်ထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် – KIA အရာရှိတွေ ပြန်ရုပ်သိမ်းသွားပြီလို့လည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မကွေးတိုင်း ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေမှာ ခရိုင်ကွပ်ကဲရေးနဲ့ မြို့နယ် စစ်ရေးတာဝန်ခံတွေ အဖြစ် တာဝန်ယူ ထားတဲ့ KIA အရာရှိတွေ ဖေဖော်ဝါရီလထဲမှာ ပြန်လည် ရုပ်သိမ်းသွားပြီလို့ ဂန့်ဂေါခရိုင် PDF အမှတ် ၁၄ တပ်ရင်း တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။
“ဟုတ်တယ်ဗျ၊ ပြန်ရုပ်သွားပြီဗျ၊ ရုပ်သွားတာက လွန်ခဲ့တဲ့ တစ်လဝန်းကျင်ကပါ၊ သေသေချာချာတော့ မပြောသေးဘူး၊ ကိုယ့်တပ်ရင်းကိုပဲ ပြန်ကိုင်ရမယ်ပေါ့၊ MOD က ပဲ ကိုင်သွားဖို့ ရှိတယ်၊ ကျွန်တော်အထင်တော့ ဝန်ကြီးဌာနက တိုက်ရိုက်ပေါ့၊ အစီအစဉ်ရှိတယ်လို့ ထင်တာပဲ။ သူတို့ တိုက်ရိုက် ကိုင်မယ်ပေါ့၊ ကွပ်ကဲမှုက လွတ်နေတာ မျိုးတော့ မဟုတ်ဘူး”
ဂန့်ဂေါခရိုင် တင်မကဘဲ မကွေးတိုင်း တစ်တိုင်းလုံးမှာရှိတဲ့ အမှတ် ၁ စစ်ဒေသက စေလွှတ်ထားတဲ့ KIA အရာရှိတွေ အားလုံး ဖေဖော်ဝါရီလအတွင်း ပြန်ရုပ်သိမ်းမှာ ဖြစ်ပြီး မကွေးတိုင်းကို MOD က တိုက်ရိုက် ကိုင်တွယ် ကွပ်ကဲတော့မှာ ဖြစ်တယ်လို့ ဒေသခံ စစ်ရေးသတင်းမြစ်တွေက ဆိုပါတယ်။
အခုလို MOD ကနေ တိုက်ရိုက်ကိုင်တွယ်ပြီး ကွပ်ကဲမှုတွေ အပြောင်းအလဲ ပြုလုပ်တဲ့အပေါ် ဂန့်ဂေါခရိုင်က တော်လှန်ရေး ရဲဘော်တွေ သာမက ပြည်သူတွေကပါ ကြိုဆိုကြပြီး ဂန့်ဂေါခရိုင် လွတ်မြောက်ဖို့အတွက် အခြေအနေကောင်း တစ်ရပ် ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဂန့်ဂေါခရိုင် စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ပိုပြီးတော့ အားရပါတယ်၊ ဘာကြောင့်မလို့ အားရသလဲဆိုရင် စုဖွဲ့မှုပြီးရင် အားလုံး လက်နက်တွေက တပ်ဆင်ပေးမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ခုလောလောဆယ် ရင်းတွေရဲ့ ရှိနေတဲ့ အတိုင်းအတာ အနေနဲ့ကတော့ သင့်လျော်သလောက်ကို လက်နက် တပ်ဆင်ပေးထားပြီးသား ဖြစ်တယ်၊ နောက်ထပ်ကတော့ စုဖွဲ့မှုသင်တန်းတွေ အားလုံး ပြီးသွားတဲ့အချိန်မှာ အားလုံး ရင်းတွေ အားလုံးစုပြီးတော့ အင်အား ကောင်းကောင်းနဲ့ သင်တန်းတွေ ပေးပြီးတော့ ကျွန်တော်တို့ နဂိုက သင်တန်းပေးတယ်ဆိုတာက ဂန့်ဂေါဆိုလည်း ရင်း ခြောက်ရင်း၊ တစ်ရင်းကို (လူ) ၃၀ နှုန်း၊ ရင်း ခြောက်ရင်းပဲ သင်တန်းတစ်ကွင်းထဲမှာ၊ ဒါတွေ့ဆုံပြီးတော့ သင်တန်းပေးကြတာ ဖြစ်တယ်၊ ထီးလင်းဆိုရင်လည်း ထီးလင်း ရင်း ရှိသမျှ တစ်ရင်း ကို ၃၀ နှုန်းနဲ့ သင်တန်းတစ်ကွင်းမှာ စုဖွဲ့ပြီး ပေးတာဖြစ်တယ်၊ ဆောဆိုရင်လည်း ဆောမှာပေါ့နော်၊ အားလုံး သင်တန်းပေးတာ ဖြစ်တယ်၊ တစ်မြို့နယ်ချင်းစီအလိုက် ပေးတာ ဖြစ်တယ်၊ အားလုံး သုံးမြို့နယ်စလုံး ရင်းတွေ ပေါင်းစု ပြီးတော့မှ စုဖွဲ့မှုသင်တန်း ပေးပြီးတော့ အဲဒီအဖွဲ့တွေကို တစ်ခါတည်း လက်နက်တပ်ဆင်ပေးမှာဆိုတော့ အားလုံး ရှေ့ကို ပိုပြီးတော့မှ ကျွန်တော်တို့ ဂန့်ဂေါခရိုင် လွတ်မြောက်နယ်မြေ ဖြစ်ဖို့ရာအတွက်က အလှမ်းအသာ အတော်ကြီးကို ကောင်းတယ် ပြောလို့ရပါတယ်ခင်ဗျ၊ ပြည်သူတွေလည်း ဒီအနေအထားကို ဝမ်းသာကျေနပ်မှု ရှိနေပါတယ်ခင်ဗျ”
ဆက်လက်ပြီးတော့ မကွေးတိုင်းထဲ MOD နဲ့ AA ပူးပေါင်းကာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဂန့်ဂေါခရိုင် စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“AA နဲ့ NUG အားလုံး ချိတ်ဆက်ပြီးတော့မှ ကိုင်တွယ်ဖို့ အစီအစဉ် ရှိပါတယ်ခင်ဗျ၊ အဲဒီ အစီအစဉ်တွေကိုလည်း အားလုံး ရှိနေပါတယ်”
မကွေးတိုင်းထဲက ဂန့်ဂေါ၊ မင်းဘူး၊ ပခုက္ကူနဲ့ သရက် ခရိုင်တွေဟာ ရခိုင်ပြည်၊ ချင်းပြည်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အဲ့ဒီ ထိစပ်နေတဲ့ ရခိုင်နဲ့ချင်းပြည်က မြို့ရွာတွေကို AA နဲ့ မဟာမိတ်တွေက သိမ်းပိုက် ထိန်းချုပ် ထားပါတယ်။
MOD နဲ့ AA တို့ ပူးပေါင်းပြီး မကွေးတိုင်းထဲ စစ်ဆင်ရေး ဖော်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သတင်းထွက်နေတဲ့ အပေါ် NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို MFP ကို ဆက်သွယ်မေးမြန်းရာ “မေးထားတဲ့ စစ်ရေးအပိုင်းတွေ၊ အခုတော့ မှတ်ချက် မပေးချင်သေးပါဘူးခင်ဗျ” လို့ ပြန်လည်ဖြေကြားပါတယ်။
AA ဘက်ကိုတော့ MFP အနေနဲ့ ဆက်သွယ်မေးမြန်းနိုင်တာ မရှိသေးပါဘူး။
လက်ရှိမှာလည်း AA အနေနဲ့ မကွေးတိုင်းထဲကို စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
၂၀၂၄ ဒီဇင်ဘာမှာ ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် စစ်အုပ်စုရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပတ)ကို AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဇန်နဝါရီလက စလို့ AA က မကွေးတိုင်းထဲကို ထိုးစစ်ဆင်နေတာ ဖြစ်ပြီး အဓိက အားဖြင့် ရခိုင်နဲ့ မကွေးတိုင်းကို အဓိက ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းပေါ်က စစ်အုပ်စု စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အမ်းမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာတွေ အနီးက စစ်အုပ်စု ကာကင်း စခန်းတွေကို ဇန်နဝါရီလ ၁၁ ရက်က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်မှာလည်း ငဖဲမြို့နယ်၊ ဂုတ်စီးရိုး ကျေးရွာအနီးက စစ်အုပ်စု တမခ-၉၉ (အမှတ် ၉၉ တပ်မဌာနချုပ်) လက်အောက်ခံ ခမရ (ခြေမြန်တပ်ရင်း) ၄၁၉၊ ၁၄ တပ်ရင်းနဲ့ ထိတွေ့မှုတွေ ရှိခဲ့ပြီး စစ်အုပ်စု အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို AA နဲ့ မဟာမိတ် တပ်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းရဲ့ ကာကင်းစခန်းတွေမှာ အဓိက တိုက်ပွဲ ဖြစ်ပွားနေပြီး နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကနေ ငဖဲမြို့ကို ရောက်ဖို့ရာအတွက် ပျဉ်းဝ စစ်ဆေးရေးဂိတ်စခန်းနဲ့ အမြောက်စစ်ဆင်ရေးဌာနချုပ် – မစခ – ၉၀၂ စတဲ့ စစ်အုပ်စု စခန်းတချို့ ကျန်ရှိ နေသေးတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မှာတော့ MOD PDF နဲ့ တအာင်းတပ်မတော် – TNLA တို့ ပူးပေါင်းကာ ရှမ်း-မန်း စစ်ဆင်ရေးကို ဖော်ဆောင် ခဲ့ပြီး မန္တလေးတိုင်း အထက်ပိုင်းက စဉ့်ကူး၊ မိုးကုတ်နဲ့ သပိတ်ကျင်းမြို့တွေ အပါအဝင် စစ်စခန်း အများအပြားကို သိမ်းယူနိုင်ခဲ့ပါတယ်။
ရှမ်း-မန်း စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေးရဲ့ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ဆင်နွှဲတာ ဖြစ်ပြီး TNLA ဟာ AA ရဲ့ မဟာမိတ်လည်း ဖြစ်ပါတယ်။
မကွေးတိုင်းထဲ ခရိုင်အလိုက် ခရိုင်ကွပ်ကဲရေးအရာရှိနဲ့ မြို့နယ် စစ်ဆင်ရေး အရာရှိတွေအဖြစ် တာဝန် ထမ်းဆောင်ဖို့ အမှတ်-၁ စစ်ဒေသက KIA အရာရှိတွေကို ၂၀၂၂ အတွင်း စေလွှတ်ခဲ့တာ ဖြစ်ပြီး သုံးနှစ်အကြာ ယခု ၂၀၂၅ ဖေဖော်ဝါရီလမှာ ပြန်လည်ရုပ်သိမ်းတာ ဖြစ်ပါတယ်။
မကွေးတိုင်းထဲ ထိုးစစ်ဆင်နေပြီဖြစ်တဲ့ အာရက္ခတပ်တော် – AA နဲ့ ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေက ရဲဘော်တွေ/ Photo – AA Info Desk, ဂန့်ဂေါ PDF