၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို
မတ် ၈ ၊ ၂၀၂၅
ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တပ်ဖွဲ့ဝင်တွေအနေနဲ့ အခုနှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာရှိတဲ့ အကြမ်းစစ်တပ်ရဲ့ တပ်စခန်း၊ ဂိတ်စခန်းတွေအပါဝင် ပျုစောထီးရွာတွေကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ပြောက်ကျားနည်းနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကို အရင်နှစ်တွေကထက် ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်တက်လာတယ်လို့ ဆိုလိုက်တာပါ။
ဥပမာအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လယ်ကိုင်းရွာကနေ ထွက်ခွာလာတဲ့ အင်အား ၇၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းတို့ကို စစ်ကြောင်းပျက်တဲ့အထိ ပကဖနဲ့ PDF တပ်ရင်းတွေ၊ Local တပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်မှုတွေကြားကနေ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၆ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ခတက္ကန်ရွာအရှေ့ဘက်မှာရှိတဲ့ MRTV အသံလွှင့်တာဝါတိုင် စခန်းကုန်ကို လေကြောင်းတိုက်ခိုက်မှုတွေကြားကနေပဲ မုံရွာခရိုင်တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖအဖွဲ့ဝင်တွေနဲ့ ဒေသတော်လှန်ရေးတပ်တွေက အောင်အောင်မြင်မြင်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မတ်လ ၄ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်က ပကဖ တိုက်ခိုက်ရေး လက်ရုံးတပ်တွေဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ သံပြားကားနှစ်စီးကို မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၁၇)ယောက်အထိ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
မတ်လ ၅ရက်နေ့မှာတော့ မကွေးတိုင်း ဆိပ်ဖြူ( ကပစ၂၂) ကနေ တက်လာတဲ့ စစ်တပ်လေထီး (၂) စင်းကို မြိုင်ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပွိုင့်ဖိုက်စက်သေနတ်နဲ့ ပစ်ချခဲ့ရာ စက်တပ် လေထီးမောင်းနှင်တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားဟာ အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ဗိုလ်မှူးရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးစီးတဲ့ တပ်မ(၉၉) လက်အောက်ခံ ခမရ (၁၄၊၁၅) နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ကို ပြင်စည်ရွာနားမှာ နွားထိုးကြီးမြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ နဲ့ မြင်းခြံခရိုင်တပ်ရင်း ၄၊၁၀ တို့က အတူပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဗိုလ်ကြီးအောင်ဇော်မင်းအပါ စစ်ကောင်စီတပ်သား (၂၁) ယောက်သေဆုံးခဲ့ပြီး လက်နတ် (၃၉) လက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“အခုလို တိုက်ခိုက်ရည်စွမ်းရည်တွေ မြင့်လာရတဲ့ အဓိကအကြောင်းကတော့ စစ်ရေးအတွေ့အကြုံတွေ များလာတာကြောင့်ပါပဲ။ ခေါင်းဆောင်ပိုင်းတွေကလည်း စစ်ရေးအတွေ့အကြုံ၊ ဗျူဟာပိုင်းမှာ အတွေ့အကြုံတွေကောင်းတွေ ရရှိထားတော့ မစ်ရှင်တွေလုပ်ရတာ ပိုပြီး လက်သံပြောင်လာတယ်လို့ ပြောရမှာပေါ့” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။