ရန်ကုန်တိုင်းတွင် ၁ လအတွင်း လူငယ် ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ရောင်နီ သီချင်းသီဆို၍ ဖမ်းဆီးခံရသူများပါရှိ
ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
ရန်ကုန်တိုင်းတွင် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လအတွင်း လူငယ် ၂၃၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း Rangoon Scout Network ထံကသိရသည်။
လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက် ဖမ်းဆီးခံရသူ ၁၇၉ ဦးအနက်မှ ရှစ် ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းသိရပြီး ကျန် ၁၇၁ ဦး၏ အခြေအနေကို သိရှိရခြင်းမရှိကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။
“ကျွန်မတို့ဘက်ကိုတော့ ည ၇နာရီကျော်ရင် လူငယ်တွေအပြင်မထွက်နဲ့၊ စစ်တပ်က ကင်းပတ်ပြီး ပါသွားရင် ဘာမှလုပ်မပေးနိုင်ဘူးဆိုပြီး ရာအိမ်မှူးတွေက သတိပေးထားတယ် ” ဟု သန်လျင်မြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက လမ်းမပေါ်တွင် တွေ့ရာဆွဲ၍ ဖမ်းဆီး လိုက်သူ ၁၀၆ ဦး၊ ဧည့်စာရင်းဖြင့်ဖမ်းခေါ်ခဲ့သူ ၆၃ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦးရှိကာ ဖမ်းဆီးသည့်ပုံစံမသိရဘဲ အတင်းအကျပ် ချုပ်နှောင်ခံထားရသူ ငါး ဦးရှိကြောင်း သိရသည်။
ထို့ပြင် စစ်ရေးလှုပ်ရှားသူများ၊ သပိတ်လှုပ်ရှားသူများဟု စွပ်စွဲ၍ဖမ်းဆီးခံရသူ သုံး ဦးရှိပြီး လင်းလင်း၏ ရောင်နီသီချင်းကို သီဆိုခြင်းကြောင့် လမ်းဘေးတွင် တီးခတ်ဖျော်ဖြေနေသည့် လူငယ်များကိုလည်း ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၀) စစ်သင်တန်းအတွက် စုဆောင်းထားသူ လူငယ် ၅၀၀ ကျော်ကို တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ တွင်ရှိသော စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်မှုထမ်းဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ သန်လျင်ရေတပ်သင်္ဘောပေါ်တွင် ဖမ်းဆီးခံ ထားရသူနှစ်ဦးမှာ ခုန်ချထွက် ပြေးခဲ့သော်လည်း စစ်တပ်ကပြန်လည်ဖမ်းဆီးရမိခဲ့သည်။
