ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

by

in

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ မတ် ၈
ပဲခူးတိုင်း၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း၊ ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“လက်ရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်က ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် အစပ်မှာရှိတယ်ပေါ့။ တော်လှန်ရေး အင်အားစုတွေအတွက်ကတော့ ဒီဂိတ်က အနှောက်အယှက် တစ်ခုဖြစ်တယ်။ အထဲကို လက်နက်ခဲယမ်းတွေ သွင်းတဲ့ အခါကျရင် ဒီဂိတ်က စစ်ဆေးပြီးတော့ ဒီဂိတ်မှာ တော်တော်များများ ဖမ်းမိကုန်တာများတယ်။ အဲတော့ ဒီဂိတ်ကိုတော့ ကျနော်တို့က နောက်ပိုင်း တစိုက်မက်မက် ဖြိုခွင်းဖို့တော့ ဆောင်ရွက်သွားမှာပါ” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) နှင့် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် တော်လှန်ရေး ရဲဘော် ၁ ဦး (ပုံအဟောင်းဖြစ်သည်)