ပဲခူး၊ မွန်၊ ဧရာဝတီနှင့် မန္တလေးတွင် စစ်တပ်က အသက် ၂၀ အရွယ် လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီး

by

in

ပဲခူး၊ မွန်၊ ဧရာဝတီနှင့် မန္တလေးတွင် စစ်တပ်က အသက် ၂၀ အရွယ် လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီး
ရန်ကုန်၊ မတ် ၈

ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတွင် အကြမ်းဖက် စစ်တပ်က အသက် ၂၀ အရွယ် လူငယ် များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပန်းတောင်းမြို့၊ ဥသျှစ်ပင်ရတနာပုံရပ်ကွက်၊ စိန်ပန်းမြိုင် ၉ လမ်းတွင်နေထိုင်သော အသက် ၁၉ နှစ် အရွယ် ကိုဟိန်းထက်နိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထိ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး ဖမ်းဆီးသွားကာ ပန်းတောင်း စစ်တပ် စုဆောင်းရေးရုံးကို ပို့ဆောင်ခဲ့ပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးကြောင်း သိရှိရသည်။
“စစ်တပ်က ဧည့်စာရင်း ဝင်စစ်တဲ့အချိန် စခန်းကို ခဏ‌‌ဆိုပြီး ခေါ်သွားတာ ဘယ်အမှု ဘယ်လိုအ‌ကြောင်းအရာနဲ့ ဖမ်းဆီးထားမှန်းလည်း မသိရဘဲ ယခုအချိန်ထိ ပန်းတောင်းစစ်တပ်စု‌ဆောင်းရေးရုံးမှာ ထားရှိခံထားရပါတယ်။ ကိုဟိန်းထက်နိုင်က သန်းခေါင်စာရင်းနဲ့ နေမှာနေထိုင်သူ ဖြစ်ပါတယ်။ ယခုအချိန်ထိ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးပါဘူး။ မိသားစုဝင်တွေလည်း စိတ်ပူနေပါတယ်” ဟု ဒေပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့အတူ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်စရစ်ရွာတွင် နေထိုင်သည့် အသက် ၂၀ အရွယ် ကိုရာဇာနှင့် ကိုကုလားလေး ဆိုသူကို ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်မြင့် ဦးဆောင်သော အကြမ်းဖက် စစ်သားမျာက စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ပေါင်မြို့နယ် ကျောက်စရစ်ကျေးရွာမှာ မနေ့က နံနက်ပိုင်း ဖမ်းသွားတာ မဲပေါက်လို့ဆိုပြီး အသက် ၂၀ ဝန်းကျင်လူငယ်လေး ၂ ဦးပါ။ အုပ်ကြီး အောင်မြင့်က နေအိမ်တွေကို လိုက်ပြပြီး စစ်တပ်ကို ဝင်ဖမ်းခိုင်းတာ ကာယကံရှင်တွေက မဲနှိုက်ရပဲ မဲပေါက်တယ်ဆိုပြီး လာဖမ်းသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မတ်လ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ကရင်ချောင်ကျေးရွာ၌ နေထိုင်သော ကိုရှိုင်းထက်အောင်ကို ကျေးရွာ ရာအိမ်မှူး ထွန်းလှိုင်နှင့်အတူ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်အတွင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ကိုရှိုးထက်အောင်၏ အမျိုးသမီးသည် ကိုယ်ဝန်ဆောင်ဖြစ်ပြီး မွေးဖွားကာနီးဖြစ်၍ ရာအိမ်မှူးကို ခြေထောက်ဖက်၍ တောင်ပန်းသော်လည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
မတ်လ ၄ ရက်နေ့ ည ၇ နာရီခန့်ကလည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်းကုန်မြို့၊ ပြည်တော်သာကွက်သစ်တွင် နေထိုင်သော ကိုမျိုးခိုင်၏သားဖြစ်သူ ကို တရုတ်လေးကို ပျူစောထီးများက နေအိမ်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း မအူပင်မြို့နယ် ရေလဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး သံလုံး ၊ ပဲခူးတိုင်း မိုညိုမြို့ ကရင်ချောင်းကုန်း ကျေးရွာ ရာအိမ်မှူး အေးလွန်း၊ ဆုံးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ခင်မြတ်မွန် နှင့် မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် တိုက်ပွဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့သည် ကျေးရွာနေ ပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေးများ ငွေညှစ် တောင်းခံနေကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားသော ပန်းတောင်းမြို့မှ ကိုဟိန်းထက်နိုင်နှင့် ပေါင်မြို့နယ်မှ ကိုရာဇာ။