ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသော်လည်း မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်
(ချင်း)၊ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသော်လည်း မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေး ယန္တရားများ လည့်ပတ်နေပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်(ထန်တလန်) အထွေထွေအတွင်းရေးမှူး Salai Khamh Pek Lain က ပြောကြားသည်။
Global Thantlang Relief Organization ၏ မတ်လ ၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ထန်တလန်မြို့နယ်အတွက် အွန်လိုင်းရန်ပုံငွေရှာဖွေခြင်းအစီအစဉ်တွင် CDF-Thantlan အထွေထွေအတွင်းရေးမှူးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ စစ်ကို အနိုင်မရသေးပေမဲ့ အနိုင်ရတာ တစ်ခုရှိပါတယ်။ ဒါကတော့ ထန်တလန်မြို့နယ်ရဲ့ ၉၉ ရာခိုင်နှုန်းမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။ ပညာရေးပိုင်းကြည့်မယ်ဆိုရင် grade 12 ထိ ကောင်းကောင်းဖွင့်နိုင်တယ်” ဟု CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောသည်။
ထို့အပြင် တစ်နှစ်အတွင်း လူနာပေါင်း ၁၇,၀၀၀ နီးပါးကို ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာရေး ကူညီစောင့်လျှောက်မှုများ ပေးနိုင်ခဲ့ပြီး အမှုပေါင်း ၂၄ မှုကိုလည်း တရား စီရင်ပေးနိုင်ခဲ့ကြောင်းလည်း ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ရက်ပေါင်း ၂၇၀ ကျော်ကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီး CDF-Thantlan စစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၂၇ ဦး ကျဆုံးပြီး အလောင်းပြန်မရသည့် ရဲဘော် ငါးဦးရှိကြောင်း သိရသည်။
“၂၀၂၄ ခုနှစ်ကို ကြည့်မယ်ဆိုရင် တစ်နှစ်ပတ်လုံးနီးပါး ဆက်တိုက် တိုက်ပွဲဖြစ်တယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရှိတဲ့အထဲ ၉၁ ရက်သာ တိုက်ပွဲမဖြစ်ဘဲ နားခဲ့ရတာပေါ့နော်။ ထန်တလန်မြို့သိမ်းတိုက်ပွဲ Tilim Operation 4 ဆိုရင် ရက်ပေါင်း ၁၅၈ ကြာဖြစ်တော့ အကြီးမားဆုံး စစ်ဆင်ရေးပေါ့။ ဒီလို စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ ရဲဘော် ၂၇ ဦးကျဆုံးခဲ့ ရတယ်။ အလောင်း မကောက်နိုင်တာ ငါးလောင်းရှိတယ်။ ကိုယ်လက် အင်္ဂါဆုံးရှုံးတာ ကိုးယောက်ရှိတယ်။ ဒါဏ်ရာရတာက ၁၂၅ ဝန်းကျင်ရှိတယ်” ဟု CDF-Thantlang အထွေထွေအတွင်းရေးမှူးက ဆိုသည်။
တော်လှန်ရေးကာလ လေးနှစ်ကျော်အတွင်း CDF-Thantlang မှ ရဲဘော် ၆၇ ဦးကျဆုံးခဲ့ရပြီး အလောင်းပြန်မရသည့် ရဲဘော် ကိုးဦးရှိကာ ဒဏ်ရာရ ရဲဘော် ၃၀၂ ဦးရှိကြောင်း သိရသည်။
#ထန်တလန်မြို့ #သိမ်းပိုက်နိုင်ခြင်းမရှိသော်လည်း #မြို့နယ်၏ ၉၉ရာခိုင်နှုန်း #အုပ်ချုပ်ရေးယန္တရား #လည်ပတ် #Ayeyarwaddy_Times