ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ကျော် ဖမ်းဆီးခံရ

by

in

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ကျော် ဖမ်းဆီးခံရ
မတ် ၆၊ ၂၀၂၅
၂၀၂၅ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
တစ်လတာအတွင်း စစ်မှုထမ်းဖို့ အပါအဝင် လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးခဲ့မှု အခြေအနေအကြောင်း မတ်လ ၅ ရက်မနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ရန်ကုန်တိုင်းထဲက ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ အလုံ စတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးခံရမှု အများဆုံးရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ် ၉၆ ခု ရှိခဲ့ပြီး အဲဒီအထဲက ဖြစ်ရပ် ၇၀ ကို အတည်ပြုနိုင်ခဲ့ပေမယ့် ၂၆ ခုကို ဆက်လက်အတည်ပြု စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
အထူးသဖြင့် အသက် ၁၈ နှစ်ခန့်ကနေ အသက် ၄၀၀န်းကျင်ရှိတဲ့ လူငယ်လူရွယ်တွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး Rangoon Scout Network (RSN) က နီးစပ်ရာ အဖွဲ့အစည်းတွေနဲ့ မြေပြင်သတင်းအချက်အလက်တွေကို စာရင်းပြုစု ထုတ်ပြန်လိုက်တာပါ။
ဖမ်းဆီးခံရတဲ့လူငယ်အများစုဟာ မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်နေသလို မိသားစုဝင်တချို့က ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပေမယ့် ထူးခြားမှုတော့ မရှိခဲ့ပါဘူး။