မြန်မာကိုဗဟိုပြု၍ ငလျင် ဆက်တိုက်လှုပ်နေ
■ဟုမ္မလင်းမြို့နယ်ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိမြေငလျင်လှုပ်
အိမ်သွင်/People’s Spring
ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်ကို ဗဟိုပြု၍ ယနေ့ (မတ် ၅) နံနက်အစောပိုင်းက မြေငလျင်
လှုပ်ပြီးနောက် နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်း
ဟုမ္မလင်းမြို့၊ အိန္ဒိယ-မြန်မာနယ်စပ်အနီး ဗဟိုပြု၍ ငလျင်နှစ်ကြိမ်ထပ်မံလှုပ်ပြန်သည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် မတ်လ ၅ရက် နံနက် ၄နာရီ ၃၆မိနစ်တွင် ရစ်ခ်ျတာစကေး ၅ဒဿမ၁ ၊ ၄နာရီ ၅၄ မိနစ်၌ ၄ ဒသမ ၇ အင်အားရှိမြေငလျင်လှုပ်ရှားခဲ့သည်။ထိုအပြင် နောက်ဆက်တွဲမြေငလျင်ငယ်များဆက်တိုက်လှုပ်ရှားနေသည်။
မအူပင်မြေငလျင်နှင့် နာရီပိုင်းသာခြား၍ မတ်လ ၅ ရက်မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်ကို ဗဟိုပြု၍ နေ့လယ် ၁၂နာရီ ၆မိနစ်၌ ရစ်ခ်ျတာစကေး ၅ဒဿမ၄ အဆင့်ရှိအင်အားအသင့်အတင့်ရှိ မြေငလျင် တစ်ကြိမ်၊ နေ့ခင်း ၁နာရီ ၂၀မိနစ်၌ ရစ်ခ်ျတာစကေး ၄ဒဿမ၁အဆင့်ထပ်လှုပ်ခဲ့ကြောင်း ထိုင်းဘူမိနှင့် မိုးဇလဌာန(TMD)က ထုတ်ပြန်
သည်။
ကမ္ဘာတစ်ဝန်းမြေငလျင်လှုပ်ရှားမှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသော USGS ကလည်း
မြေငလျင်မှာ ၅ဒဿမ၄ ပြင်အားရှိပြီး အိန္ဒိယတိုင်ငံနယ်စပ် ရှိ Wāngjing မြို့၏ အရှေ့ဘက် ၆၂ ကီလိုမီတာ (၃၈ မိုင်ကျော်) အကွာအဝေးရှိ မြန်မာနိုင်ငံ ကိုဗဟိုပြု၍ လှုပ်ရှားခဲ့ကြောင်းထုတ်ပြန်သည်။မြေအောက်အနက် ၈၈ ကီလိုမီတာ
(၅၄ မိုင်ကျော်) တွင်ဗဟိုပြုလှုပ်ခတ်သော ဇော်နက်ငလျင်ဖြစ်သည်။ မြေငလျင်မှာ ဇောက်တိမ်ပါကဖျက်အားပိုပြင်းပြီး ဇောက်နက်လျင်ဖျက်အားပိုနည်းကြောင်း မြေငလျင်ပညာရှင်များကပြော
သည်။
ဟုမ္မလင်းမြေငလျင်မှာ အင်အားအသင့်အတင့်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊မရှိကိုမူမသိရသေးပါ။
မနက်ပိုင်းကလှုပ်ခတ်ခဲ့သော မြေငလျင်ကို ရန်ကုန်မြို့နေပြည်သူများပါသိရှိခံစားခဲ့ရသည်။
ရန်ကုန်သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့် ငလျင်လှုပ်နိုင်သလို ဒေးဒရဲ ပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ မြန်မာ
နိုင်ငံမြောင်ပိုင်းမှ တောင်ပိုင်းသို့ ဒေါင်လိုက်
ပဲခူးမြို့နယ် ၊ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ကပ္ပလီပင်လယ်အထိကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့တွင် ငလျင် လှုပ်စေသည်ဟု ငလျင်ပညာရှင်တချို့က ပြောသည်။
ဟုမ္မလင်းမြို့အပါအဝင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသများသည် စစ်ကိုင်းပြတ်ရွေ့နှင့်ဆက်စပ်နေသည်။မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း
မတူညီသည့်ဒေသများ၌ ငလျင်များ မကြာခဏလှုပ်နေသည်။
မတ်လ ၃ရက် နံနက်၁၀နာရီ ခန့်ကလည်းဧရာ
ဝတီတိုင်းဖျာပုံမြို့ကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ဒဿမ၅ အဆင့် ငလျင် လှုပ်ခဲ့သည်၊ အဆိုပါငလျင်လှုပ်ရှားသည်ကိုရန်ကုန်မြို့၌လည်း သိသိသာသာ ခံစားခဲ့ရသည်။
ကီလိုမီတာ ၁၂၀၀ ရှည်သော စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအထက်ပိုင်းဟူးကောင်းချိုင့်ဝှမ်းမှ တောင်ပိုင်း ကပ္ပလီပင်လယ်ပြင်ထဲအထိ တောင်မြောက် ဖြတ်သန်းသွားသည်၊ပြတ်ရွေ့ကြောတလျှောက် ငလျင်များမကြာခဏလှုပ်ခတ်လေ့ရှိသည်။ရန်ကုန်၊ မန္တလေး အပါအဝင် လူဦးရေနှင့် အထပ်မြင့်အဆောက်အဦများသော ဒေသများ၌ ငလျင်အန္တရာယ်သတိပြုနေထိုင်သင့်ကြောင်း ပညာရှင်များက သတိပေးထားသည်။
(ဟုမ္မလင်းမြို့နယ် တွင်လှုပ်သောငလျင်ကို မြေပုံပေါ်တွင်တွေ့ရပုံ နှင့် မြန်မာနိုင်ငံ၏ မြေငလျင်ဇုန်ပြမြေပုံ)