အသည်းရောင်အသားဝါ(အေ)ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်၍ ကြိုတင်ကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်

by

in

အသည်းရောင်အသားဝါ(အေ)ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်၍ ကြိုတင်ကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်

အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ)ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်‌စေသလို ကပ်ရောဂါအသွင်လည်းဖြစ်ပွားနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကြဖို့ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွား‌လေ့ပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။
ရောဂါကူစက်နိုင်တဲ့နည်းလမ်းတွေကတော့ ရောဂါပိုးရှိသူခန္ဓာကိုယ်ကထွက်တဲ့ အညစ်အကြေးတွေပါရှိနေတဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကို စားသောက်မိတာ၊ အသည်းရောင်အသားဝါ(အေ)ရောဂါပိုးရှိသူလူနာနဲ့ အနီးကပ်ထိတွေ့တာ၊ ပြုစုတာတွေကနေ ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။
ရောဂါလက္ခဏာတွေကတော့ ဖျားတယ၊ မောပန်းနွမ်းနယ်တာ၊ အစားအသောက်ပျက်တာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာနဲ့ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာတွေဖြစ်တယ်လို့ဆိုပါတယ်။
ပြင်းထန်စွာအသည်းရောင်ရင် ရုတ်တရက်အသည်းပျက်စီးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သလို အသည်းရောင်အသားဝါ(ဘီ) ဒါမှမဟုတ် (စီ)ရောဂါပိုးရှိသူတွေ၊ အိပ်ခ်ျအိုင်ဗီပိုးရှိသူတွေမှာ ရောဂါဖြစ်ပွားရင် ပိုမိုပြင်းထန်စွာခံစားရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သတိပြုဖို့၊ အစားအစာတွေကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စနစ်တကျဆေးကြောတာ၊ အစားအစာတွေကို မချက်ပြုတ်မီ သန့်ရှင်းတဲ့ရေနဲ့ စင်ကြယ်စွာဆေးကြောတာ၊ ဆူပွက်တဲ့အထိကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် ရေသန့်စင်ဆေးပြားအသုံးပြုထားတဲ့ သန့်စင်တဲ့ရေ ဒါမှမဟုတ် FDAအသိအမှတ်ပြုရေသန့်ကို သောက်သုံးတာ၊ အစားအစာတွေကို အစိမ်းစားသုံးတာ၊ ယင်နားစာစားသုံးတာတွေကို ရှောင်ကြဉ်တာ၊ အိမ်သာနဲ့မိလ္လာကန်တွေ ယိုစိမ့်မှုမရှိ‌စေဖို့ သတိပြုပြီး ယင်လုံအိမ်သာသုံးစွဲတာ စတဲ့နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ရောါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ဖို့ အစားအသောက်ရောင်းချသူတွေမှာ ရောဂါဖြစ်ပွားရင် အရေပြားနဲ့မျက်သားဝါပြီးနောက် အနည်းဆုံး ၁၀ရက်ကြာတဲ့အထိ အစားအသာက်ကိုင်တွယ်ရောင်းချတာရပ်နားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖျားတာ၊ အရေပြားနဲ့ မျက်သားဝါတာ စတဲ့ အသည်းရောင်အသားဝါ(အေ)ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာရင် ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြသကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။