ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း
~~~
■ ယောတပ်တော် (YA) အဖွဲ့ထံကို ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ပေါင်းစည်းလာကြောင်း YA က မတ်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ယောဒေသမှာ တပ်တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့အတွက် ကြိုးစားခဲ့ရာမှာ YPDF က ပူးပေါင်းလာတာလို့ ယောတပ်တော်ကာကွယ်ရေးဌာနမှူးက ပြောပါတယ်။
“ယောတပ်တော်ထဲကို လာရောက်ပူးပေါင်းတဲ့ပုံစံမျိုးပါ၊ ယောဒေသတစ်ခုလုံး လွှမ်းခြုံတဲ့အဖွဲ့အစည်းဖြစ်ဖို့ စကားပြောနေတာတော့ကြာပြီ၊ တဖြည်းဖြည်းချင်း ပြန်လိုက်စုနေရတဲ့ပုံစံမျိုးပါ”
YPDF က ပူးပေါင်းလာတာဟာ ယောဒေသ ညီညွတ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့အပြင် စစ်အာဏာရှင်ကို တိုက်ခိုက်ရာမှာ ပိုမိုထိရောက်တဲ့ အင်အားတစ်ခုဖြစ်လာကြောင်းလည်း YA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ယောတပ်တော်နဲ့ ပူးပေါင်းလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ယောတပ်တော်နဲ့ပူးပေါင်ဆောင်ရွက်နေတဲ့ အခြားတပ်ရင်း တပ်ဖွဲတွေလည်း ရှိနေကြောင်းနဲ့ တစ်ခုတည်သော တပ်တော်ဖြစ်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြောထားပါတယ်။
မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့တွေအပါအဝင် ချင်းပြည်နယ်တောင်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ ယောတပ်တော် (YA) က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
မကြာခင်ကာလအတွင်း မကွေးတိုင်းအတွင်းမှာ စစ်ရေးဖော်ဆောင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်း ယောတပ်တော် ကာကွယ်ရေးဌာနမှူးက ပြောပါတယ်။
အဲဒီစစ်ရေးဖော်ဆောင်မှုတွေမှာ အာရက္ခတပ်တော် (AA)နဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့ဝင်တွေနဲ့ အတူး ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ မကွေးတိုင်း ဂန့်ဂေါခရိုင်က ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု စတဲ့ မြို့နယ်တွေမှာ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး စစ်အင်အားဖြည့်တင်းထားကြောင်း ဒေသခံတွေက RFA ကို ပြောထားပါတယ်။
___________
ယောတပ်တော် (YA) တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (Screen Shot/ Yaw Army)
#ယော #pdf #လွတ်လပ်တဲ့အာရှအသံ #rfaburmese
