စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်၍ သမ္မတပူတင်နှင့် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် ဆွေးနွေးမည်

by

in

စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်၍ သမ္မတပူတင်နှင့် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် ဆွေးနွေးမည်
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများအတွက် ရုရှားနိုင်ငံသို့ သွားရောက် ၍ သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ ညပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန် လာသည်။
စစ်ခေါင်းဆောင်သည် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ပြီး ပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရုားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌအပါ အဝင် ရုရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် စသည့်ကဏ္ဍ ပေါင်းစုံတွင် မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။
စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်သည် အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက်သွားရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာက သွားရောက်ခဲ့သော တရုတ်ခရီးစဉ် မတိုင်ခင်ကတည်းက ရုရှားနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ခဲ့သော် လည်း ယခုအခါမှ သွားရောက်နိုင်ခြင်း ဖြစ်သည်။
ရုရုားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားအစိုးရ တာဝန်ရှိသူများသည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းလျက်ရှိသလို ရုရှားနိုင်ငံသည် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံအားပေး၍ စစ်ကောင်စီအား စစ်လက်နက်ပစ္စည်းနှင့် နည်းပညာများ ရောင်းချပံ့ပိုး ကူညီ လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ကြောင့် ရုရှားသမ္မတ ပူတင်ကို နိုင်ငံတကာ တရားရုံးက ဖမ်းဝရမ်း ထုတ် ထားသလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် ၂၅ ဦးကိုလည်း ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်း ထုတ်ထားသည်။
အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်း ထုတ်ပြန်ခဲ့သည့်၂၅ ဦးတွင် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အာဂျင်တီးနားတရားရုံး၏ဝရမ်းကို ကြိုဆိုသော်လည်း သမ္မတဟောင်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နှင့် စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့သော စစ်အုပ်စုနည်းတူ တရားခံစာရင်းတွင် ထည့်သွင်းခြင်းသည် မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်ဖြစ်၍ ၎င်းတို့ နှစ်ဦးကို တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် NUG က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- စစ်ခေါင်းဆောင် နှင့် သမ္မတပူတင်တို့ ၂၀၂၂ စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံ၌ တွေ့ဆုံစဉ်
#စစ်ခေါင်းဆောင် #ရုရှားနိုင်ငံ #သွားရောက် #သမ္မတပူတင် #လုံခြုံရေးဆိုင်ရာကိစ္စရပ် #ဆွေးနွေးမည် #Ayeyarwaddy_Times