မန်တုံတွင် KIA နှင့် TNLA မြေပြင်တပ်ဖွဲ့များကြား ပဋိပက္ခထပ်မံဖြစ်ပွား

by

in

မန်တုံတွင် KIA နှင့် TNLA မြေပြင်တပ်ဖွဲ့များကြား ပဋိပက္ခထပ်မံဖြစ်ပွား
ဟန်နွေ/People’s Spring

TNLA က စခန်းကိုဝင်စီးပြီး ရိုက်နှက်ခံရတဲ့ KIA တပ်သား ၁၀ ယောက်ကျော် အဆက်အသွယ်မရ
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်)ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ခန့်က KIA တပ်စခန်းကို TNLA တပ်ဖွဲ့က သွားရောက်စီးနင်းရာ TNLA တပ်ဖွဲ့ဘက်က လက်လွန် ရိုက်နှက်ထားတဲ့ KIA တပ်သား ၁၀ ယောက်ကျော်ကို အဆက်အသွယ် မရကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“TNLA တပ်ဖွဲ့ ရိုက်နှက် နှိပ်စက်ထားတဲ့ KIA တပ်သား ၁၁ ယောက်က သေမလား၊ ရှင်မလား တောင်မသိဘူး။ ရထားတဲ့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်” လို့ ‌KIA နဲ့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။
မန်တုံ ဘက်နဲ့ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းဘက်က ဆင်းလာတဲ့ TNLA တပ်ဖွဲ့ အင်အား ၅၀၀ နီးပါးက မန်မောက်ရွာရှိ အင်အား ၁၀၀ ကျော်ခန့်ရှိ တဲ့ KIA တပ်စခန်း တခုကို ဝိုင်းဝန်း ပိတ်ဆို့ ဝင်ရောက် စီးနင်းပြီး KIA တပ်ဖွဲ့ ဝင်တွေကို ရိုက်နှက်ခဲ့တာလို့သိရတယ်လို့ သူက ပြောပါတယ်။
ဒဏ်ရာရထားတဲ့ KIA တပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်ကို TNLA ဘက်က မန်တုံဆေးရုံ ဘက် ခေါ်ဆောင်သွားပြီး လက်ရှိအထိ ဒဏ်ရာရထားတဲ့ KIA တပ်ဖွဲ့ဝင် တွေကို ဒီနက်ပိုင်းအထိ အဆက်အသွယ်မရသေးဘူးလို့ သိရတယ်လို့ ဆိုပါတယ်။
“အဲဒီလို အင်အားနဲ့ ဖမ်းဆီး ရိုက်နှက်တော့ အဖွဲ့ အစည်း အချင်းချင်း လေးစားမှု မရှိဘူး။ ဒီပုံစံနဲ့ဆို တချိန် မဟုတ် တချိန် တိုက်ပွဲ ဖြစ်လာ နိုင်တယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒီလို KIA နဲ့ TNLA တပ်ဖွဲ့ တွေကြား ဖြစ်တဲ့ ပွတ်တိုက်မှု ဟာ TNLA နဲ့သာ သက်ဆိုင်ပြီး ပလောင်လူမျိုးနဲ့ မဆိုင်ကြောင်း၊ ပလောင်လူမျိုး ထဲက KIA တပ်ဖွဲ့ဝင်တွေ အများအပြားရှိ‌တာ တွေ့ရကြောင်း သူက ပြောပါတယ်။
အရင်ရက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မန်တုံ မြို့နယ်က KIA တပ်ဖွဲ့ရဲ့ တပ်စခန်း ၂ ခုနဲ့ ဂိတ်တချို့ကို TNLA တပ်ဖွဲ့က စီးနင်း သိမ်းယူ ထားခဲ့တာရှိတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ KIA နဲ့ TNLA တို့ အကြား နယ်မြေ အငြင်းပွားမှုကြောင့် မကြာခဏ ပွတ်တိုက်မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Photo Crd# KIA နဲ့နီးစပ်သူ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့များကြား ဖေဖော်
ဝါရီ ၂၇ရက်က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၂၃ရက် က KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) တပ်ရင်း(၃၄) လက်
အောက်ရှိ KIA ၏ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနှင့် KIO မန်ပွန်းတိုက်နယ်ရုံးကို တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များက အင်အားသုံစီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့သည်။အဆိုပါဖြစ်စဉ်အပေါ် ညှိနှိုင်းဖြေရှင်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၂၇ရက် နေ့လည် ပိုင်းတွင် မန်တုံမြို့နယ် မန်မောက်ရွာရှိ KIA တပ်ရင်း
(၃၄) တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သည့် ပြဿနာဖြစ်ခဲ့ဟု ကချင်သတင်းရင်းမြစ် အချို့ကပြောသည်။
ဖေဖော်ဝါရီ ၂၃ရက်က မန်တုံ၌ဖြစ်ပွားခဲ့သည့် KIAနှင့် TNLA ​တပ်ဖွဲ့ဝင်များအကြား ပြဿနာ နှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအား မေးမြန်းရာ ခရီးလွန်နေ၍ ခရီးပြန်ရောက်မှ ဆက်သွယ်မည်ဟု ဖြေကြားသည်။ ​ဖေ​ဖော်ဝါရီ ၂၇ ရက်​နေ့က မန်တုံ၌ ထပ်မံ ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပက်သက်၍ လည်း TNLA ပြောရေးဆိုခွင့်ရှိသူ ထံ ထပ်မံ မေးမြန်းရန်ကြိုးစား​​သော်လည်းအဆက်အသွယ်မရသေးပေ။
TNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ထပ်မံ မေးမြန်းရန်သာ ပြောသည်။
အလားတူ KIA သတင်းပြန်ကြားရေးဌာန တာ
ဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း မန်တုံ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန် ကြိုးစား​နေ​သော်လည်း အဆက်အသွယ်မရ​သေးပါ။
ပဋိပက္ခဖြစ်စဉ်တွင် TNLA တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် KIA တပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြသည်။ TNLA တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ၊မရှိ မေးမြန်းရာ အတိအကျ မသိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ကချင်သတင်းရင်းမြစ်အချို့၏ ​ပြောကြားချက် နှင့် ကချင်သတင်းဌာနအချို့၏ ဖော်ပြချက်တွင် မန်တုံဖြစ်စဉ်၌ KIA တပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု ​ဖော်ပြကြသည်။
နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်မှု အ​ခြေအ​နေ အ​သေးစိပ်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။
ထို့အပြင် ဒဏ်ရာရ ရဲဘော်များအား တွေ့ခွင့်မရသေးသည့် အခြေအနေကို “ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး။” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။သတင်းရင်းမြစ်အချို့က ဒဏ်ရာရ KIA တပ်ဖွဲ့ဝင်များကို TNLA ဘက်က​ဆေးကုသ​ပေး​နေသည်ဟု​ပြောသည်။သို့​သော် အဆိုပါအ​ခြေအ​နေကို သီးခြားအတည်မပြုနိုင်​သေးပါ။
အခြား KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဖြစ်စဉ် ဖြစ်ပွားမှုကို အတည်ပြုပြီး“အဲဒီမှာ KIA တွေနေထိုင်တဲ့တပ်ဖြစ်တယ်။ ဟိုးနဂိုရ်ကတည်း
ကလည်းရှိတယ်”ဟုပြောသည်။
ယခုကဲ့သို့ ပြဿနာဖြစ်ပွားမှုနှင့်တပ်သက်ပြီး KIO ဗဟိုက KIA တပ်ဖွဲ့ဝင်များအား စိတ်ရှည်သည်းခံ ရန်၊ သေနတ်မဖောက်ရန်၊ ဆွေးနွေးရန်သာ ညွှန်ကြားနေဆဲဖြစ်သည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။
“KIO အစိုးရ ဗဟိုဘက်ကတော့ မိမိတို့ တပ်ဖွဲ့ဝင်တွေကို မဟာမိတ်စည်းဆက်ထိန်းထားခိုင်းတယ် အခုထိပေါ့”ဟု ကချင်သတင်းရင်းမြစ်ကပြော
သည်။
TNLA သတင်းပြန်ကြားရေးဌာနအနေဖြင့် ဒေသတွင်း သတင်းများ ၊ စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်များကို ပုံမှန်သတင်းဖော်ပြလေ့ရှိသော်လည်း KIAနှင့် မဟာမိတ်အချင်းချင်းအကြား ပြဿနာနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်း၊ သတင်းဖော်ပြခြင်း မရှိသေးပေ။
စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က နိုင်ငံ
ရေးရင့်ကျက်သည့် အဖွဲ့များအနေဖြင့် မဟာမိတ်အချင်းချင်းအကြား ပြဿနာများကို စားပွဲဝိုင်း၌ ဆွေးနွေး အဖြေရှာခြင်းကို ဦးစားပေးသင့်ဟု အကြံပြုသည်။
“ကျနော်စိုးရိမ်တာက လူမျိုးရေး မုန်းတီးမှုတွေ ဖြစ်လာမှာကိုပဲ အထူးစိုးရိမ်မိပါတယ်” ဟုဦးဇော်ဆန်က ပြောသည်။
တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ယခုကဲ့
သို့ ပြဿနာ ဖြစ်ပွားနေမှုကို စစ်ကောင်စီက ဝမ်း
သာနေမည်ဟုလည်း၎င်းက ပြောသည်။
“ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရအုံးမယ်။ TNLAနဲ့ KIA ကြား တိုက်ပွဲဖြစ်လာမယ်ဆိုရင်ရှမ်းမြောက်ကတော့ သွေးချောင်းစီးတဲ့စစ်မီးထလောင်သလို ဖြစ်သွားနိုင်ပါတယ်။ တိုက်ပွဲမဖြစ်တာ အကောင်းဆုံးပါ။ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာတာ အကောင်းဆုံးပါ။ စကစကို အရင်ပြီးအောင် တိုက်သင့်ပါတယ်” ဟုလည်း ဦးဇော်ဆန်ကပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အပါအဝင် ဒေသအချို့၌ KIAနှင့် TNLA တပ်ဖွဲ့များအကြား နယ်​မြေဆိုင်ရာ အငြင်း
ပွားပြီး အချင်းများမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်တပ်ဖွဲ့ဝင်များကြား တစ်ဦးချင်း လက်ချည်ဗလာ စိန်​ခေါ် ထိုးကြသည်အထိဖြစ်ခဲ့သည်။
အဆိုပါ အခြေအနေကို KIA နှင့် TNLA တို့၏
သက်ဆိုင်ရာ တပ်မှူးများ ဇန်နဝါရီလ ၃၁ ရက်တွင်တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ခဲ့ပြီး လတ်တလောပြဿနာများ မရှိတော့​ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ​ဖေ​ဖော်ဝါရီ လဆန်းပိုင်းတွင်ပြောကြားခဲ့သည်။ ထိုသို့​ဆွေး​နွေး ညှိနှိုင်းပြီး ရက်သတ္တပါတ်​
လေးပါတ်အအကြာတွင် မန်တုံမြို့နယ်တွင် ယခု
ကဲ့သို့ ပဋိပက္ခထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
( နှစ်ဖက်တပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားစဥ်
နှင့် ဇန်နဝါရီ လကုန်ပိုင်းတွင် နှစ်ဖက်တပ်မှူးများညှိနှိုင်း​ဆွေး​နွေးသ​​ဘောတူခဲ့စဥ်။ဓါတ်ပုံ-CJ)