သန့်ရှင်းမှုအားနည်းသဖြင့် ရန်ကုန်တွင် အသည်းရောင်ရောဂါ Hepatities A ဗိုင်းရပ်စ်ကူးစက်မှုပျံ့နှံ့
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းနေသော ရန်ကုန်မြို့တွင် အသည်းရောဂါ Hepatities A ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားကာပျံ့နှံ့နေကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်ပြုံးကြည်က ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Mercury Variety တွင်အသိပေးပြောကြားထားသည်။
မြန်မာနိုင်ငံတွင်အသည်းရောင်ရောဂါ ( သို့) အသည်းရောင်းအသားဝါရောဂါဗိုင်းရပ်စ်ပိုး A,B,C,D,E ငါးမျိုးထဲမှ A,B,C နှင့် E ဗိုင်းရပ်စပ်က ပိုမိုဖြစ်ပွားလေ့ရှိကာ ယင်းငါးမျိုး၏ ရောဂါလက္ခဏာတူညီသဖြင့် ရောဂါပိုးရှိ၊ မရှိကို သွေးစစ်ကြည့်မှသိနိုင်မည်ဖြစ်သည်။
လက်ရှိတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းအပါအဝင် ရေမသန့်ရှင်းမှုနှင့် အစားအသောက်မသန့်ရှင်းမှုများကြောင့် ရောဂါကူးစက်မှုဖြစ်ပွါးကြောင်း သိရသည်။
“မစင်ကနေ အဓိကကူးတယ်။ အိမ်သာထွက်ပြီးလက်သေချာဆေးဖို့လိုတယ်။ ပိုးက လက်မှာလေးနာရီ လောက်အနည်းဆုံးရှင်နေတယ်။ လက်သေချာမဆေးတဲ့သူက အခြားစားသောက်စရာတွေပြင်မယ်ဆိုရင် ပိုးက အဲဒီထဲပါသွားတယ်။ ပိုးက ရေထဲရောက်သွားမယ်။ ပင်လယ်စာတွေဆီရောက်သွားမယ်။ ပြန်စားမယ်။ ကျက်အောင်မချက်ဘူးဆိုရင် ဒီပိုးကပြန်ကူးသွားတတ်ပါတယ်။ လူအချင်းချင်းကနေကူးတတ်တယ်။ ရောဂါပိုးရှိတဲ့သူရဲ့ ကိုယ်ရည်ထိတွေ့မှုတွေကနေကူးတတ်တယ် ” ဟု ဒေါက်တာခင်ပြုံးကြည်က ပြောသည်။
အဆိုပါ Viruses ကူးစက်မှုကြောင့်အသက်သေဆုံးမှုရှားပါးသော်လည်း ရောဂါဖြစ်ချိန် နှစ်လနီးပါးကြာမြင့်ကာ ရောဂါပြင်းထန်သော်လည်း အသည်းထိခိုက်မှုနည်းကြောင်းနှင့် နောက်ဆက်တွဲအနေဖြင့် နာတာရှည်ရောဂါမဖြစ်နိုင်ကြောင်း သိရသည်။
“ Hapities A အဖြစ်များဆုံးပါပဲ အရင်ကလူတွေကသိပ်မကြောက်ကြဘူး။ နားနားနေနေ နေလိုက်တယ်။ ကုသမှုခံယူလိုက်ရင် သူ့ဘာသာပြန်ပျောက်သွားတယ်။ အခုအဖြစ်များလာတော့ကြောက်ကြတယ်။ သိပ်မကြောက်ကြပါနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေရင်းပျောက်သွားမှာပါ။ ကလေးတွေမှာအဖြစ်များတယ်။ လူကြီးတွေမှာ လည်းဖြစ်တယ်” ဟု ဒေါက်တာခင်ပြုံးကြည်က ဆိုသည်။
အသည်းရောင်အသားဝါပိုး A ကူးစက်ခံရသူသည် ရောဂါလက္ခဏာအနည်းငယ်သာတွေ့နေရခြင်း၊ အသားဝါခြင်း ( အရေးပြားနှင့် မျက်လုံးဝါခြင်း) ၊ ဆီးအရောင်ရင့်ခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း နှင့် ဝမ်းဗိုက်နာခြင်းတို့ဖြစ်ပေါ်တတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အသည်းရောင်အသားဝါရောဂါနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင် ကူးစက်ပျံနှံ့နေကြောင်း လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေမှု များပြားနေကြောင်း တွေ့ရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ရန်ကုန် #အသည်းရောင်အသားဝါရောဂါ #hepatitiesA #ကူးစက်မှုပျံ့နှံ့ #တစ်ကိုယ်ရည်သန့်ရှင်းရေး #ပတ်ဝန်းကျင်သန့်ရေးလိုအပ် #Ayeyarwaddy_Times