တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် မှောင်ခိုပစ္စည်းဖမ်းဆီးခြင်းထက်ပိုမိုကျယ်ပြန့်ဟု နစကဒုဥက္ကဋ္ဌပြော

by

in

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် မှောင်ခိုပစ္စည်းဖမ်းဆီးခြင်းထက်ပိုမိုကျယ်ပြန့်ဟု နစကဒုဥက္ကဋ္ဌပြော
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟာ မှောင်ခိုပစ္စည်းဖမ်းဆီးတာထက် ပိုမိုကျယ်ပြန့်တယ်ဆိုတာကို တာဝန်ရှိသူတွေက သိရှိပြီး မိမိတို့ရဲ့ဝန်ထမ်းတွေကို ဦိးဆောင်စည်းရုံးကာ ဆောင်ရွက်စေလိုတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
ဖေဖော်ဝါရီ၂၇ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဦးဆောင်ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အခုလိုပြောကြားလိုက်တာပါ။
နိုင်ငံရဲ့ ပထဝီအနေအထားအရတရားမဝင် ဝင်ထွက်ပေါက်တွေကို ထိန်းချုပ်ဖို့ခက်ခဲပေမယ့် ဝင်ပေါက်တွေကို ထိန်းချုပ်နိုင်တဲ့ အဓိကကျတဲ့ လမ်းကြောင်း/နေရာတွေရှိပြီး အဲ့ဒီနေရာတွေမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေရဲ့ သစ္စာရှိမှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာမှုနဲ့ နိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဆောင်ရွက်မယ်ဆိုရင် အခုထက်ပိုမိုဖမ်းဆီးဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ဂိတ်တွေအနီးရှိ ဂိုဒေါင်တွေမှာလည်း တရားမဝင်ကုန်ပစ္စည်းတွေကို သိမ်းဆည်းပြီး ဖြန့်ချိတာတွေလည်းရှိတဲ့အတွက် ဖော်ထုတ်ဖမ်းဆီးအရေးယူဖို့လိုတယ်လို့ ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှု ဖမ်း‌ဆီးရမိတဲ့တန်ဖိုးတွေအ‌နေနဲ့ ၂၀၂၂ခုနှစ်မှာ ၆၅ဘီလီယံ၊ ၂၀၂၃ခုနှစ်မှာ ၁၃၅ဘီလီယံကျော်၊ ၂၀၂၄ခုနှစ်မှာ ၂၂၃ဘီလီယံရှိခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင်ကုန်သွယ်မှုဖမ်းဆီးရမိတဲ့တန်ဖိုးမှာ နှစ်အလိုက်တိုးတက်လာခဲ့ပေမယ့် အခုထက်ပိုပြီး ထိရောက်တဲ့ဖမ်းဆီးမှုတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့ပါတယ်။