ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲ ရဲ၁၁ဦးသေ
■လက်နက် ၁၀ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ
ရဲခေါင်၊ မင်းညို /People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ကျေးရွာ အရှေ့ဘက် ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်း
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်အောက်
ခံ ရဲ၁၁ဦး သေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများရရှိခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်) ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ရဲ ၁၇ဦးအခြေချတပ်စွဲထားသည့် တာဝါတိုင်ကုန်းစခန်းကို ယမန်နေ့(ဖေဖော်ဝါရီ ၂၆ ရက်) နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်ဟု အသိပေးသည်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ရဲ ၁၁ ဦးသေဆုံးပြီး G-3 ငါးလက်၊ Uzi သုံးလက်၊ M-79နှစ်လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်းနှစ် လုံး၊ ကျည်အိမ်ခြောက်ခု၊နှင့် TV တစ်လုံး သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( နမခ)မှ စက်တပ်လေထီး Paramotor နှစ်စီး၊ တံတားဦးလေတပ်မှ Mi-35 တစ်စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမတို့ဖြင့် ၁၄ ကြိမ်ခန့် ပစ်ကူပေးခဲ့ကြောင်း အသိပေးသည်။
” ခ အင်အားကတော့ ခန့်မှန်း၃၀ ။စစ်ရေးအရတော့ သိပ်အရေးပါတဲ့နေရာမဟုတ်ပေမဲ့လည်း အဲ့နေရာက MRTV -4 နှင့်MWD ရုပ်သံဌာန ဖြစ်ပါတယ်။ အရင်ကလည်း တိုက်ခဲ့ဖူးပါတယ်။ကိုယ့်ဘက်ကပေးဆပ်မှုတွေရှိခဲ့ပြီး တပ်ပြန် ခေါက်ခဲ့ပေမဲ့ ဒီတခါတော့ အနည်းငယ် မစိုးရိမ် ဒဏ်ရာ တွေသာ ရရှိခဲ့ပြီး စခန်းတစ်ခုလုံး အပြီးသတ်ခြေမှုန်း သိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟု မုံရွာခရိုင်အမှတ်(၁)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့က စခန်းသိမ်းတိုက်ပွဲတွင် မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့်မုံရွာမြို့နယ် ပကဖ ၊မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇) တို့ပါဝင်ခဲ့သည်။
ထို့အပြင် ချောင်းဦးမြို့နယ်အခြေပြုစုဖွဲ့မှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့ နှင့် BLDF အဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီသည် စစ်ကား၁၀ စီးခန့်ဖြင့် ယမန်နေ့ ညနေပိုင်းကအင်အားဖြည့်တင်းထားကာ ညပိုင်းတွင် ဗောဓိတထောင်တာဝါတိုင် အနီးပတ်ဝန်းကျင်ကို မီးရှို့ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍မုံရွာပကဖအဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
“လက်နက်ခဲယမ်းတွေရတာလည်းရှိသလို။စစ်ကောင်စီတပ်က အရာရှိအဆင့်အချို့အပါအဝင် ၁၀ဦးလောက် သေတာရှိတယ်။ထွက်ပြေးသွားကြတာလည်း ရှိတယ်။တချို့ ဖမ်းမိတာရှိတယ်လို့လည်း သိရတယ် “ဟု စခန်းသိမ်းတိုက်ပွဲနှင့်ပတ်
သက်၍ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
“ရဲဘော်တွေ အားလုံးဘေးကင်းတယ်။လောလော
ဆယ်ဒီလောက်ပဲ ပြောနိုင်သေးတယ်”ဟု မုံရွာခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
မုံရွာခရိုင်ကွပ်ကဲရေးက ဦးဆောင်၍ ဒေသခံ ဗျူဟာများ၊ စစ်ဒေသ တပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် ပကဖများနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟုလည်း ၎င်းက အသိပေးသည်။
“မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်က ထနောင်းတော
ရွာကနေ ခွဲထွက်တဲ့လမ်းပိုင်းရဲ့အဆုံးမှာ ဗောဓိတထောင် ရှိတာ။အဲဒီမှာက စခတွေအင်အား ၃၀ ထက်မနည်းဘူး ရှိတယ်။ဒီနေ့က မုံရွာထဲက နေ လက်နက်ကြီးနဲ့ပစ်တာ ၁၀လုံးထက်မနည်း တော်
တော်နီးနီးကို ကြားရတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မုံရွာ-ဗောဓိလမ်းပိုင်း၊ ကျောက္ကာ- ဗောဓိ လမ်းပိုင်းတို့ကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ယာယီပိတ်ထားပြီး ပြန်လည်အသုံးပြုရမည့်အချိန်ကို ကြေညာပေးမည်ဟု ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ(၂၅)ရက် နံနက်ပိုင်းက မုံရွာနယ်စပ်ရှိ
ချောင်းဦးမြို့နယ် ချောင်းမရွာနှင့် နွယ်ခွေရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ အင်ဂျင်တပ်လေထီး ၊လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၇) ဦး ပေါင်း (၁၀) ဦး နေရာတွင် သေဆုံးခဲ့ပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
(ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ)