ရေးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၇၀ ခန့် သေဆုံးခဲ့သော ကျုံလောင်းရွာဟောင်း တိုက်ပွဲ မှတ်တမ်း ဗီဒီယို ထုတ်ပြန် (ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၇၀ ခန့် သေဆုံးကာ ၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း KBDF Drone-တပ်ဖွဲ့မှ ရဲဘော်ပါပီလွန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့က ရေးမြို့နယ် အခြေအစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်းများမှ စစ်သားများ ထုတ်နှုတ်ကာ အင်အားအများအပြားဖြင့် ကျုံးလောင်းရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၃ ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၇၀ ခန့် သေဆုံးကာ ၄၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ယင်းတိုက်ပွဲအတွင်းသို့ အမတ ၃၁၆ ၊ ခလရ ၆၁ ၊ ခမရ ၅၈၃ တပ်ရင်းများမှ ဟောင်ဝှစ်ဇာ ၊ ၁၂၀ မမ ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ကူပေးနေပြီး အနီးအနားကျေးရွာများအတွင်းသို့ ပစ်ခတ်နေမှုကြောင့် ကျုံးလောင်းရွာ၊ ကျောက်မိကျောင်းရွာအပါအဝင်အနီးအနားကျေးရွာနေပြည်သူ ထောင် ချီကာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မွန်၊ ကရင် ၊ PDF တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။