ကော့ကရိတ်မြို့နယ်တွင် တူရကီဒရုန်းအစင်း ၈၀၀ ကျော်ကို စစ်ကောင်စီပို့ဆောင်ထား
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောက်စီဘက်မှ စစ်ဆင်ရေးဖော်ဆောင်ရန်အတွက် တူရကီဒရုန်းအစင်း ၈၀၀ကျော်ကိုပို့ဆောင်ထားတယ်လို့ နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
ကော့ကရိတ်မြို့နယ်ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီဘက်မှ လုံခြုံရေးအတွက် ကင်းထောက် ဒရုန်းများအသုံးပြုကာ ညနေ ၅နာရီမှ မနက်၄နာရီအထိဒရုန်းများဖြင့်ထောက်လှမ်းလျှက်ရှိနေပြီး နဘူး ၅၄၉ တပ်ကလည်း ကင်းထောက်ဒရုန်းများဖြင့် မနက်၂နာရီအထိ ကင်းထောက်လှမ်းမှုများလုပ်ဆောင်တာ ကိုတွေ့ရသည်ဟု အဆိုပါသတင်းအရင်းမြစ်ကပြောပါတယ်။
အာရှလမ်းတွင်မှာလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လျှက်ရှိနေသည်ဟု သတင်းအရင်းမြစ်ဆိုသည်။
ဖေဖော်၀ါရီ ၂၂ ရက်နေ့နံနက်တွင် ကော့ကရိတ်မြို့နယ် ရွှေကြက်မင်းနှင့်ထန်းပင်ကုန်းတွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက်ကြီး ပစ်ကူများပါ တစ်မနက်လုံးပစ်ခတ်ခဲ့ရတယ်လို့ နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်ထံမှသိရသည်။ တတန်ကူးဘက်တွင်လည်းထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အောင်ဇေယျစစ်ကြောင်းထိုးစဉ် ထိခိုက်ပျက်စီးခဲ့သောစစ်ကောင်စီကားများသည် ဖေဖော်၀ါရီ ၂၂ ရက်နေ့မနက်တွင် စစ်ကောင်စီတပ်မှ ပြန်ဆွဲသွားပြီး ဘားအံဘက်သို့ပြန်ဆင်းကာ ကားအစီးရေပေါင်း ၁၄စီးရှိပြီး စစ်ကောင်စီအင်အား၇၀ဦးခန့်လိုက်ပါသွားကာ BGFတပ်ဖွဲ့မှကား၂စီးဖြင့်လုံခြုံရေးပေးခဲ့သည်ဟု သတင်းအရင်းမြစ်ကဆိုသည်။
ဒါ့အပြင် ဖေဖော်၀ါရီ ၂၂ ရက်နေ့နံနက်တွင် ကျုံဒိုးမြို့၅၄၅တပ်မှ အင်အား၄၀ခန့်ပါရှိသည့် စစ်ကောင်စီ ၆ ဘီးယာဉ် ၂ စီးသည် အင်းကြီးရွာထဲလမ်းမှကော့ကရိတ်ဘက်သို့တက်သွားသည်ဟု သတင်းအရင်း အမြစ်ကဆိုသည်။