ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့

by

in

ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

ရန်ကုန်နဲ့ ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသက တပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။
တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်လာတဲ့ ရုပ်သံထဲမှာ ရွှေ့ပြောင်းတော့မယ့် PDF တပ်ဖွဲ့ဝင်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တွေ့ဆုံအားပေးစကား ပြောကြားမှုတွေ ပြုလုပ်နေခဲ့ပါတယ်။
ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံခဲ့တဲ့ တပ်ဖွဲ့တွေထဲမှာ ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊ လက်ရုံးအထူး စစ်ဆင်‌ရေးတပ်ဖွဲ့ (SOF)၊ PDF တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)တို့ ပါဝင်တယ်လို့သိရပါတယ်။
“ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး.. ဒီဒေသတွေ ပြန်လည်စိုးမိုးဖို့။ ဒါရည်ရွယ်ချက် ရှိတယ်။ ဒီအတွက်လည်း ရွှေ့တာ။ ဒီနေ့ရွှေ့တာဟာ တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မှာပေါ့ ဟုတ်လား။ မင်းတို့လည်းသင်တန်းတွေလည်း ပြည့်စုံကြပြီ။ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က PDF တပ်ဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။
စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက်သာ အာရုံထားဖို့လိုပြီး ကြားကသွေးခွဲစကားပြောမှုတွေ ညီညွတ်မှုပျက်ပြားစေမယ့်ကိစ္စရပ်တွေကို အထူးသတိထားဖို့လိုသလို တပ်ဖွဲ့ဝင်တွေအတွက်လည်း ဂုဏ်ယူတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
တပ်ပြောင်းရွှေ့မယ့် PDF တပ်ဖွဲ့ဝင်တွေဟာ ပဲခူးနဲ့ ရန်ကုန်အနီးက စစ်မျက်နှာပြင်တွေမှာ အဓိက စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။