ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်ကို AA စတင် တိုက်ခိုက်

by

in

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA)က စတင်တိုက်ခိုက်နေပြီဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်ရှိ အကြီးဆုံးရေတပ်စခန်းတစ်ခုဖြစ်သည့် ဓညဝတီရေတပ်ဌာနချုပ် (ဒေသအခေါ် သစ်ပုတ်တောင်ရေတပ်စခန်း)ကို AA က ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညဉ့်အချိန်မှစတင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက် ၈ နာရီအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“မနေ့က ညဉ့်အချိန်စတိုက်တာ မနက် ၈ နာရီလောက်မှာ တိုက်ပွဲရပ်သွားတယ်။ တိုက်ပွဲပြင်းတယ်လို့ ပြောလို့ရတယ်”ဟု ပြောသည်။

အဆိုပါရေတပ်ဌာနချုပ်ထဲရှိ စစ်ကောင်စီတပ်သားများဖက်မှ အထိနာနေခဲ့၍ ရေတပ်ထဲမှလည်း AA ရှိနိုင်သည့်နေရာများကို လက်နက်ကြီးကျည်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် အပြန်အလှန်ပစ်ခတ်မှုပြီးသည်နှင့် ရေတပ်ဌာနချုပ်နှင့်နီးစပ်သည့် ကျေးရွာအနီးအနားဝန်းကျင်များနှင့် တောင်တန်းများကို ရေတပ်ထဲမှ လက်နက်ကြီးကျည်များဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“တိုက်ပွဲက ရပ်နေတယ်။ ဒါပေမယ့် လက်နက်တွေက စစ်ကောင်စီဖက်က ပစ်တုန်း။ စစ်ကောင်စီဖက်က ပိုလှုပ်ရှားနေတယ်။ မြို့ပေါ်မှာလည်း အရင်ကထက် တင်းကျပ်တယ်” ဟုပြောသည်။

ကျောက်ဖြူမြို့၊ အမှတ် (၃၂)ရဲတပ်ရင်းမှ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းတစ်ခုကို AA က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်က အကျအဆုံးတချို့ရှိကာ လက်နက်အချို့ကိုလည်း AA က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေတွင် တိုက်ပွဲစတင်လာပြီးနောက် စစ်ကောင်စီ၏ နောက်ထပ် အရေးပါဆုံး တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့တွင် AA က တိုက်ပွဲစတင်လာခြင်းဖြစ်သည်။

လက်ရှိ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းများတွင် ယခင်ကထက် လုံခြုံရေးတင်းကျပ်ထားပြီး အနီရောင်အဆင့်သတ်မှတ်ထားသည့် စစ်တပ် ဧရိယာနယ်‌မြေအနီးအနားရှိ ဖြတ်သန်းသွားလာသူများကိုလည်း စစ်ကောင်စီက လက်နက်ကြီးနှင့် သေနတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း သိရသည်။

ဓညဝတီရေတပ်စခန်းသည် ကျောက်ဖြူမြို့နှင့် လေးမိုင်ခန့်အကွာတွင်တည်ရှိပြီး တရုတ်စီမံကိန်းတည်ရှိရာ မဒေးကျွန်းနှင့် ငါးမိုင်ခွဲခန့်အကွာတွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါဓညဝတီရေတပ်စခန်းကို AA က ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင်လည်း ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်တိုင်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – ပုံဟောင်း