စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော
~~~
■ တည်ငြိမ်အေးချမ်းမှုကို လိုလားကြတဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲ သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ဟာ NUG၊ CRPH၊ PDF အမည်ခံတွေနဲ့ ပူးပေါင်းပြီး ထိန်းချုပ်နယ်မြေတွေကို ချဲ့ထွင်နိုင်ဖို့ တရားလက်လွတ်ဥပဒေမဲ့နည်းလမ်းတွေနဲ့ လုပ်နေကြတယ်လို့လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိအချိန်မှာ နယ်မြေဒေသတချို့ မတည်မငြိမ်ဖြစ်နေတာနဲ့ ဒေသခံပြည်သူတွေရဲ့ စီးပွားရေးနဲ့ အသက်တွေ ထိခိုက်ဆုံးရှုံးမှုတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သူတွေကြောင့်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အရပ်သားပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ် လုပ်ရပ်တွေဟာ မတရားတဲ့စစ်ပွဲသာ ဖြစ်တယ်လို့ ပြောပါတယ်။
“စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့တာတွေ၊ ပြည်သူလူထုတွေရဲ့ ဥစ္စာဓနတွေကိုလုယက်ပြီး ဖျက်ဆီး တာတွေ စတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်နေတဲ့ စစ်ကောင်စီရဲ့စစ်ပွဲကို တရားမျှတတယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေက ဘယ်လိုမှ မယူဆပါဘူး။ ဒါကြောင့် ပြည်သူတွေက သံပုံးတွေတီးပြီး စစ်တပ်ကို မောင်းထုတ်ခဲ့ကြ တာပါ။ အခု စစ်ခေါင်းဆောင် ပြောလိုက်တဲ့ တရားသောစစ်ဆိုတာက သူ့စစ်တပ်ကို လိမ်ညာပြီးတော့ လုပ်ကြံပြောဆိုတဲ့စကားလို့ပဲ ယူဆပါတယ်”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက နယ်မြေတချို့ကို လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေအပေါ် ပိုတိုးလုပ်ဆောင်လာတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက အရပ်သား ၂၈,၆၃၇ ဦး ဖမ်းဆီးခံထားရကာ ၆၃၂၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
_________
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းဆင်းအခမ်းအနားတွင် တွေ့ရစဉ်။ (Photo: Myanmar Military)
#စစ်ခေါင်းဆောင် #စစ်ဆက်ဆင်နွှဲ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
