အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်
ဒီးဒီ/People’s Spring
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ယနေ့
(ဖေဖော်ဝါရီ ၂၁ရက်နေ့)တွင်တနေကုန်ထိုးစစ်ဆင်
တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။
“ဒီနေ့တိုက်ပွဲဖြစ်တယ်။ မနက်ရော နေ့လည်ရော။ ခုတော့ ပြီးသွားပြီ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ယနေ့ ညနေ ၅နာရီကျော်တွင်People’s Spring သို့ပြောသည်။
တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ စစ်သား ထိခိုက်သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။
ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တို့က ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာ၊PDF
ပူးပေါင်းတပ်တို့ နေ့စဉ် ပစ်ခတ်မှုနှင့် လက်နက်
ကြီးပစ်ခတ်မှုတို့မကြာခဏဖြစ်ပွားလေ့ရှိသော်
လည်း ဖေဖော်ဝါရီ ၂၁ ရက်တွင် တနေကုန်နီးပါးတိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကော်ဘရာပူးပေါင်းတပ်များသည် ပြီးခဲ့သည့်လပိုင်းကတည်းက အောင်ဇေယျစစ်ကြောင်းအား ခံစစ်အနေအထားမှ ထိုးစစ်ဖြင့် အပိုင်းလိုက်ပိတ်ဆို့ဖြတ်တောက်ထားခြင်း ဖြစ်သည်။
စစ်ကြောင်းစထိုးသည့်ကာလမှ ၂၀၂၅ ဖေဖော်ဝါရီလဆန်းအထိ့ ၉ လခန်းအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ ကျော် သေဆုံးပြီး လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ ကျော် ထပ်မံအင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောထားသည်။
အင်အားဖြည့်တင်းမှုများရှိသော်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအကြပ်ဖမ်း
ဆီး၍ သင်တန်းပေးထားသူများဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများထံသို့ ထွက်ပြေးအလင်းဝင်သူ ပိုမိုများပြားလာကြောင်းလည်း ၎င်းက ပြောသည်။
၂၀၂၄ ဧပြီလမှစပြီး ၂၀၂၅ ဖေဖော်ဝါရီလဆန်းပိုင်းအထိ လက်နက်ဖြင့် အလင်းဝင်လာတာ ၁၉ဦးရှိပြီး ဖမ်းမိသူ ၇ ဦးအပါအဝင် အောင်ဇေယျစစ်ကြောင်းမှ စုစုပေါင်း ၆၀ ဦးခန့် အထိ ရောက်ရှိနေသည်ဟု သိရသည်။
အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတတ်လာချိန်တွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၁၂၀မှ ၁၅၀ခန့် အထိပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတစ်ခုလျှင် အင်အား ၄၀မှ ၇၀ခန့်သာရှိတော့ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ၎င်းက ဆိုသည်။
အောင်ဇေယျစစ်ကြောင်းထံမှ လေယာဉ်ပစ်လက်နက်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁၅စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်မှူးဒါဘောက ပြောထားသည်။
မြဝတီဒေသအတွင်း လက်လွတ်ခဲ့ရသည့်နေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး” ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။
လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ၁၀ လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်၌ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေသည်။သေဆုံးဒဏ်ရာရသော၊ထွက်ပြေးသော၊အလင်းဝင်သောစစ်သားများနေရာတွင် အကြိမ်ကြိမ် စစ်ကူထပ်ဖြည့်နေပြီး ယခုနောက်ပိုင်း စစ်သားသစ်စုဆောင်းထားသောသင်တန်းဆင်းစစ်သားများကိုအများဆုံးဖြည့်နေကြောင်းဗိုလ်မှူးဒါဘောက ပြောသည်။
စစ်ကောင်စီသည် အောင်ဇေယျစစ်ကြောင်းအား အင်အားဖြည့်တင်းရန်၊ ကော့ကရိတ်မြို့နယ်အား ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်းအား စစ်ကြောင်းထိုး လှုပ်ရှားမှုများပြုလုပ်နေသည်။
(အောင်ဇေယျစစ်ကြောင်းကို ကော်ဘရာစစ်သည်တော်များတိုက်ခိုက်နေစဥ်။
ဓါတ်ပုံ-Cobra Column)