လှိုင်သာယာရဲစခန်းနှင့် လှိုင်ချည်မျှင်စက်ရုံကို ဖောက်ခွဲတိုက်ခိုက်
သတိုး / People’s Spring
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
“အထိအခိုက်တော့ မသိရသေးဘူး။ လှိုင်သာယာရဲစခန်းထဲတော့ ၃ လုံး လုံးကျတယ်” ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ယင်းနေရာနှစ်ခုစလုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချည်မျှင်နှင့်အထည်စက်ရုံဂိတ်ကို လက်ပစ်ဗုံး ၃ လုံး ၊ လှိုင်သာယာရဲစခန်းကို အဝေးပစ်လောင်ချာ 79 ဖြင့် ၄၀ မမ ၃ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
“ပထမက ကျနော်တို့မိုင်းနဲ့တိုက်ခိုက်မလို့၊ မိုင်းက အဆင်မပြေလို့ အသီးနဲ့ပစ်ပြီးဆုတ်ခဲ့တာ။ အဝမှာ လုံခြုံရေးတွေရှိတယ်” ဟု ချည်မျှင်နှင့်အထည်စက်ရုံတိုက်ခိုက်မှုကို ၎င်းကပြောသည်။
အထက်ပါစစ်ဆင်ရေးများကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အသီးက ၃ လုံးပစ်တာ ၂လုံးပဲ ကွဲတယ်။ အသီးသံကလည်း တိုးတယ်။ လှိုင်သာယာရဲစခန်းကတော့ အားရတယ်။ ကျနော်တို့က ဒီကောင်တွေကို ရရင်ရတာနဲ့လုပ်မှာ” ဟု အဆိုပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူကပြောသည်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်စက်ရုံဂိတ်နှင့် ရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာများဖြင့် တိုက်ခိုက်…
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဂိတ်နဲ့ မြို့မရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာ M 79 တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA)က ထုတ်ပြန်ပါတယ်။
လှိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၀ရက် မနေ့က ညပိုင်းမှာ လက်ပစ်ဗုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းမပေါ်က စစ်ကောင်စီရဲ့ မြို့မရဲစခန်းကိုလည်း မနေ့က ညပိုင်းမှာ အဝေးပစ်လောင်ချာ M 79 နဲ့ ၄၀ မမ ဗုံးသီး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆက်လက်တိုက်ခိုက်သွားမယ်လို့ Yangon Army (YA) က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ချည်မျှင်နှင့်အထည်စက်ရုံကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ခဲ့စဥ်က (ပုံဟောင်း)