ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားသစ်ခုနစ်ဦး ကင်းကျချိန်မှာ လက်နက်တွေယူပြီး ဒေါနစစ်ကြောင်းထံ အလင်းဝင်လာ

by

in

ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားသစ်ခုနစ်ဦး ကင်းကျချိန်မှာ လက်နက်တွေယူပြီး ဒေါနစစ်ကြောင်းထံ အလင်းဝင်လာ
ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခမရ(၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဦဆောင်တဲ့ စစ်သားသစ် ခုနစ်ဦးဟာ လက်နက်တွေနဲ့ မနေ့က (ဖေဖော်ဝါရီ ၁၉ရက်)မှာ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။
အလင်းဝင်လာတဲ့ စစ်သားတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ်စုဆောင်းခံရသူတွေဖြစ်တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
တပ်ကြပ်ကြီး ကျော်စွာဝင်းဟာ လမ်းကင်းတာဝန်ကျချိန်မှာ သူကဦးဆောင်ပြီးတော့ တပ်သားသစ် ခြောက်ဦးကို ခေါ်ဆောင်လာတာလို့ ပြောပါတယ်။ သေနတ်တွေလည်း တစ်လက်စီယူလာခဲ့ကြတယ်လို့ ဒေါနကစစ်ကြောင်းက အသိပေးထားပါတယ်။
“သူတို့က တပ်စိတ်တစ်စိတ်ထဲကပေါ့နော်။ တပ်ကြပ်ကြီးကိုယ်တိုင်ဦးဆောင်ပြီးတော့ ခေါ်ချလာတာ”လို့ ဒေါနစစ်ကြောင်းရဲ့ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ဒေါနစစ်ကြောင်းဆီ အလင်းဝင်လာတာ စစ်ကောင်စီတပ်သား ၁၀ဦးကျော်ရှိနေတယ်လို့ ပြောပါတယ်။ အဲဒီ ၁၀ဦးကျော်ဟာ မနေ့က အလင်းဝင်လာတဲ့ တပ်သားသစ်တွေ မပါလို့ ပြောပါတယ်။
မနေ့က အလင်းဝင်လာတဲ့ တပ်သားသစ်တွေဟာ စစ်ကောင်စီရဲ့ အမှတ်(၁၂ )တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉)အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) သင်တန်းကျောင်းတွေကနေ သင်တန်းအပတ်စဉ် (၅)နဲ့ (၆) သင်တန်းဆင်းတပ်သားတွေလို့ ဒေါနစစ်ကြောင်းက ပြောပါတယ်။
“ကျနော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ ၊မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး အတင်းအဓမ္မ ဖမ်းစီး ဆွဲခံရပြီးပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ”လို့ အလင်းဝင်လာတဲ့ တပ်သားက ပြောတဲ့အကြောင်း ဒေါနစစ်ကြောင်းက အသိ‌ပေးထားပါတယ်။
အလင်းဝင်လာတဲ့ တပ်သားသစ် ခုနစ်ဦးကို ဒေါနတပ်ရင်းက ဆုကြေးငွေတွေပေးအပ်ပြီး နွေးထွေးစွာ ကြိုဆိုထားတယ်လို့ အသိပေးထားပါတယ်။
အခုလပိုင်းတွေမှာ စစ်မှုထမ်းဥပဒေကနေ မတရားစစ်သားစုဆောင်းခံရတဲ့ လူငယ်တွေဟာ စစ်ကောင်စီတပ်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ဒေါနစစ်ကြောင်းထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်တွေနဲ့အတူ တွေ့ရစဉ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း)