မောင်တောတိုက်ပွဲတွင် ဒုရဲမှူး အပါအဝင် ရဲ ၈ ဦး အလင်းဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကို အရှင်ဖမ်းမိ၊ မောင်တောနှင့် ကျိန္တလီမြို့တို့ကို AAက မကြာမီ အလုံးစုံသိမ်းပိုက်နိုင်တော့မည်

by

in

မောင်တောတိုက်ပွဲတွင် ဒုရဲမှူး အပါအဝင် ရဲ ၈ ဦး အလင်းဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကို အရှင်ဖမ်းမိ၊ မောင်တောနှင့် ကျိန္တလီမြို့တို့ကို AAက မကြာမီ အလုံးစုံသိမ်းပိုက်နိုင်တော့မည်
ရန်ကုန်၊ ဩဂုတ် ၂၅

ရခိုင်ပြည် မောင်တောမြို့နှင့် ဂွမြို့နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင်လည်း တိုက်ပွဲက ပြင်းထန်လျက်ရှိနေကာ မောင်တောမြို့သိမ်းတိုက်ပွဲမှ မြို့မဲရစခန်းမှ ရဲ ၈ ဦး လက်နက်ချအလင်းဝင်းပြီး စစ်ကောင်စီတပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
အလင်းဝင်သူများ၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း၊ မောင်တောမြို့နှင့် ကျိန္တလီမြို့ကို သိမ်းပိုက်ရရှိရန် နီးကပ်နေပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတော့မည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။
မောင်တောမြို့နှင့် ကျိန္တလီမြို့ မကျရှုံးစေရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေသော်လည်း AA အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ထားကြောင်းဆိုသည်။
မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ARA, ARSA, RSO များနှင့် စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်များက အာရက္ခတပ်တော် AA ကို ပူးပေါင်းတိုက်ခိုက်နေပြီး AA ကလည်း ၎င်းတို့ကို ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ မောင်တောနှင့် ကျိန္တလီရှိ စစ်တပ်၏ လက်ကျန် စခန်း အနည်းငယ်သာ သိမ်းပိုက်ရန် ကျန်ရှိတော့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား အရှင်ဖမ်းမိထားကြောင်း AA တပ်တော် က ပြောဆိုသည်။
အာရက္ခတပ်တော်သည် အာရက္ခ ဒေသအတွင်းရှိ လက်ကျန်မြို့များထဲမှ မောင်တောမြို့နှင့် ကျိန္တလီမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းများကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိကာ မောင်တော နှင့် ကျိန္တလီ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေခြင်းဖြစ်ကြောင်း သိရသည်။
မောင်တောမြို့သိမ်းတိုက်ပွဲသည် ၂ ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့အတွင်း ခံစစ်ပြင်ဆင်ထားသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းများနှင့် စစ်တပ်က လက်နက် တပ်ဆင်ပေးထားသည့် ARSA၊ RSO၊ ARA တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချ အညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံ ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာမည့် မြို့တစ်မြို့ဖြစ်လာတော့မည်ဖြစ်ကြောင်း AA တပ်တော် က ပြောဆိုသည်။
ဩဂုတ်လ ၄ ရက်နေ့တွင် မောင်တောမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့သော်လည်း မောင်တောမြို့ပတ်ဝန်းကျင်ရှိ စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန် အတွက် ကြိုးပမ်းနေခဲ့သည်မှာ ၃ လခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ မောင်တောမြို့သိမ်း တိုက်ပွဲစတင်ပြီး ရက်ပေါင်း ၂၀ ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ ဖက်ဆစ် စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီး အနည်းငယ်မျှသာ ကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုကြောင့် မောင်တောမြိံသိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်သော ဖက်ဆစ် စစ်ကောင်စီသည် ၎င်းတို၏ ယုတ်မာသော အကျင့်အတိုင်း မောင်တောမြို့အတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိကာ AA တပ်တော်က ထွက်ပြေးနေသူများ အပါအဝင် ခုခံစစ်များကို ဆင်နွှဲနေသော စစ်ကောင်စီ တပ်သားများကို လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။
မောင်တောမြို့နှင့် အနီးဝန်းကျင် နေရာများကို ထွက်ပြေးလွတ်မြောက်နေသည့် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက် စစ်တပ်၏ သင်တန်းဆင်းထားသော လက်နက်ကိုင်များ၊ ARA၊ ARSA၊ RSO လက်နက်ကိုင်များနှင့် ၎င်းတတို့ လက်ပါးစေများကို ယခု ရက်သတ္တပတ်များ အတွင်း နေ့တိုင်း ဖမ်းဆီးရမိပြီး အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း ဆက်တိုက်သိမ်းဆည်းရမိထားကြောင်း သိရသည်။
တစ်ပြိုင်နက်တည်းတွင် သံတွဲမြို့ နှင့် ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိသောကြောင့် တိုက်ပွဲများသည် တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေး ရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရင်း လက်နက်ချ အညံ့မခံဘဲ ခုခံနေသည့် ရန်သူ့ စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း AA တပ်တော်က ပြောဆိုသည်။