တော်လှန်ရေးတပ်များ မတိုက်ရသေးသည့် တပ်ရင်းများကို ပြန်လည်ရရှိပြီဟုဆိုကာ စစ်တပ်ထောက်ခံသူများက ပုံများဖြင့်ဝါဒဖြန့်
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲ ပြင်းထန်နေပြီး KIA ဝင်ရောက်တိုက်ခိုက်ခြင်းပင် ပြုရသေးသည့် တပ်ရင်းများကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်လျက်ရှိသည်။
စစ်ကောင်စီတပ် ထောက်ခံဝါဒဖြန့်သူများက ဗန်းမော် မြို့ရှိ KIA သိမ်းပိုက်ထားသည့်နယ်မြေများကို ပြန် လည်ရယူပြီးဖြစ်ကြောင်းနှင့် တပ်ရင်းများကို ပြန် လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တိုက်ပွဲပင်မရှိသည့် တပ်ရင်းများ၏ ဓာတ်ပုံကိုလူမှုကွန်ရက်တွင် ဖြန့်ဝေဝါဒဖြန့်လျက်ရှိသည်။
“တိုက်ပွဲမရှိသေးတဲ့ တပ်ရင်းတွေကို ဓာတ်ပုံရိုက်ပြီး ဗန်းမော်မြို့တစ်ခုလုံး စစ်တပ်က ပြန်ထိန်း ထားတယ် ဆိုပြီး ဝါဒဖြန့်နေကြတာ။ သူတို့ဝါဒဖြန့်တဲ့ တပ်တွေက KIA က သွားကိုမတိုက်ရသေးတာ”ဟု ဗန်းမော်ရှိ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗန်းမော်မြို့ရှိ မဆရ ၁၁၊ ဆသရ ၅၊ ထပရ ၉၃၃၊ စအရ ၉၁၄၊ စနခ ၆၄၁ နှင့် ခလရ ၄၇ တို့ကို KIA က ဝင်ရောက် တိုက်ခိုက်ရခြင်းမရှိသေးဘဲ စစ်တပ်ထောက်ခံသူများက ယင်းတပ်ရင်းများကို ပြန်လည် သိမ်းဆည်းနိုင်ပြီဖြစ်ကြောင်း သတင်းဖြန့်လျက်ရှိသည်။
လက်ရှိတွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကို ထိုးစစ် ဆင်ပိတ်ဆို့တိုက်ခိုက်နေပြီး အမြောက်တပ်၊ တင့်ကား တပ်ရင်း၊ သံချပ်ကာတပ်ရင်းနှင့် ဗန်းမော် လေယာဉ် ကွင်းတို့ကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဗုံးများအသုံးပြု၍ ခုခံတိုက်ခိုက် လျက်ရှိသည့်အတွက် တိုက်ပွဲမှာ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
KIA သည် ဗန်းမော်မြို့ သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့ပြီး ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းနှင့် စစ်ကောင်စီတပ်စွဲရာ ဗန်းမော်တက္ကသိုလ်စသည့် စစ်ရေးအရအရေးပါသည့် နေရာအများစုကို သိမ်းယူထားပြီးဖြစ်ကြောင်း သိရသည်။
ပုံစာ-စစ်တပ်ထောက်ခံသူများ တယ်လီဂရမ်တွင် တင်ထားသည့် ဝါဒဖြန့်ပုံများအားတွေ့ရစဉ်