အာဂျင်တီးနားဖမ်းဝရမ်းတွင် သမ္မတဟောင်းဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ မှားယွင်းစွပ်စွဲဆောင်ရွက်ချက်ဟု NUG ပြော
■အရပ်သားခေါင်းဆောင်နှစ်ဦးအား တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန်တောင်းဆို
■BROUKက အာဂျင်တီးနားတရားရုံးမှတဆင့် တရားစွဲဆိုခြင်း နှင့် ဖမ်းဝရမ်းထုတ်ခြင်းကိုမူ ကြိုဆို
အီယိုရီ/People’s Spring
အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့နှင့်အတူ သမ္မတဟောင်းဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်တို့အား တရားခံစာရင်း၌ ထည့်သွင်းထားခြင်းက မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မှတ်ယူပြီး အရပ်သားခေါင်းဆောင်နှစ်ဦးကို တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်။
အာဂျင်တီးနားတရားရုံးရောက် ရိုဟင်ဂျာအမှုနှင့် ပတ်သက်၍ NUG က ယနေ့(ဖေဖော်ဝါရီ ၁၈ရက်)သဘောထားထုတ်ပြန်ရာ ရိုဟင်ဂျာများအပေါ် နည်းလမ်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသာဖြစ်ပြီး အဆိုပါ ပြစ်မှုများနှင့် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရရှိ စေရေးအတွက် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို NUG က ကြိုဆိုထောက်ခံကြောင်း ဖော်ပြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား UK အခြေစိုက် Burmese Rohingya Organisation UK(BROUK)က အာဂျင်တီးနားတရားရုံးမှတဆင့် တရားစွဲဆိုခြင်း နှင့် ဖမ်းဝရမ်းထုတ်ခြင်းကိုလည်း ကြိုဆိုကြောင်း ဖော်ပြသည်။
သို့သော် အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နှင့် စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့သော မင်းအောင်လှိုင်နှင့် အပေါင်းအပါများနည်းတူ တရားခံစာရင်းတွင်ထည့်သွင်း၍ ဖမ်းဝရမ်း ထုတ်ရန် ကြိုးပမ်းနေခြင်းအား မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်အဖြစ် NUGက အခိုင်အမာ မှတ်ယူသောကြောင့် တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန်တောင်းဆိုသည်။
နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်၍ ရေရှည်ငြိမ်းချမ်းပြေလည်မည့် အဖြေရရှိစေရန် ‘ကိုဖီအာနန်ကော်မရှင်’ ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း NUG က ဆိုသည်။
အလားတူ NUGသည် ‘ရိုဟင်ဂျာမူဝါဒ’တရပ် ပြဌာန်း၍ ရိုဟင်ဂျာ ပြည်သူများ တရားမျှတမှုရရှိရေးနှင့် ပတ်သက်ပြီး တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။
ထိုအခြေအနေတွင် NUG ခေါင်းဆောင်တဦးဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးတွင် မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် ရိုဟင်ဂျာပြည်သူလူထုနှင့် အခြားပြည်သူလူထုများအကြား နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့် အနာဂတ်ကာလ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးကို များစွာအနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်ကြောင်း ဖော်ပြသည်။
ထို့ကြောင့် အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်များကို ထည့်သွင်းတရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိသော နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမည်သာမက၊ အကြမ်းဖက်စစ်အာဏာရှင်များကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မည်ဟု NUG က သဘောထားထုတ်ပြန်သည်။
အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း BROUKဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring သို့ ပြောဆိုထားသည်။
ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် BROUK က အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေရိစ်ရှိ တရားရုံး၌ အမှုဖွင့်တိုက်ကြားခဲ့ရာ အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် စစ်တပ်ထိပ်တန်းအရာရှိများကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
BROUK က ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ၂၀၁၆-၂၀၁၇က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အမှတ် ၂၂၊ အမှတ် ၃၃၊ အမှတ် ၇၇ တပ်မမှူးများနှင့် တပ်ရင်းတပ်မှူးများ ပါဝင်ကြောင်း သိရသည်။
အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သော ဖမ်းဝရမ်းစာရင်းတွင် မြန်မာစစ်တပ်ဘက်မှ ၂၂ဦးနှင့် အရပ်ဘက်မှ ၃ ဦး စုစုပေါင်း ၂၅ ဦးပါဝင်ကြောင်း BROUK ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဖမ်းဝရမ်းထုတ်ပြန်လာမှုသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် မြန်မာအရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်များအား အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။
(သမ္မတဟောင်းဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အားတွေ့ရစဥ်၊ ဓာတ်ပုံ – AP ။ ဖမ်းဝရမ်းကြေညာချက်၌ BROUK ဖော်ပြသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်)