မြင်းခြံ-တောင်သာ လမ်းမှာ PDF ကို လာတိုက်ခိုက်တဲ့ စစ်အုပ်စုနဲ့ ပျူတွေ အထိနာပြီး ပြန်ဆုတ်ပြေး၊ ကားတစ်စီး ရရှိပေမယ့် လေကြောင်းပစ်ကူလာလို့ ကားကို မသိမ်းယူနိုင်ခဲ့၊

by

in

မြင်းခြံ-တောင်သာ လမ်းမှာ PDF ကို လာတိုက်ခိုက်တဲ့ စစ်အုပ်စုနဲ့ ပျူတွေ အထိနာပြီး ပြန်ဆုတ်ပြေး၊
ကားတစ်စီး ရရှိပေမယ့် လေကြောင်းပစ်ကူလာလို့ ကားကို မသိမ်းယူနိုင်ခဲ့၊
MN/MFP ၊ ဩဂုတ် – ၂၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ-တောင်သာ ကားလမ်းပေါ်မှာ စစ်ဆေးရေး လုပ်နေတဲ့ တော်လှန်ရေး တပ်တွေကို အလစ်အငိုက်ချောင်းပြီး လာရောက် တိုက်ခိုက်တဲ့ စစ်အုပ်စုနဲ့ မနေ့က မနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာကာ ပြန်ဆုတ်ပြေးတယ်လို့ မြေပြင် တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တွေက MFP ကို ပြောပါတယ်။
ဩဂုတ်လ(၂၃)ရက် မနက်(၁၁) နာရီခွဲဝန်းကျင်က မြင်းခြံ-တောင်သာ လမ်းမှာ စစ်ဆေးရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ရှိရာကို သီတာယုမွန် ဦးဆောင်တဲ့ မြင်းခြံနယ်က ပျူတွေ အပါအဝင် စစ်အုပ်စု အင်အား (၇၀)ခန့် သံချပ်ကာ ကားနှစ်စီး၊ အိမ်စီးကား သုံးစီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ လာရောက် တိုက်ခိုက်တာလို့ ဆိုပါတယ်။
“ကျွန်တော်တို့က လမ်းပိုင်းပေါ်မှာ စစ်ဆေးရေး လုပ်နေတာ။ လမ်းပေါ်မှာတော့ အင်အား အနည်းငယ်ပဲ ရှိတာပေါ့။ ကျန်တဲ့ နေရာတွေမှာတော့ ကျွန်တော်တို့ ရဲဘော်တွေက အကုန် နေရာယူထားပြီးသား။ သူတို့(စစ်အုပ်စု) ဘက်ကလည်း ကျွန်တော်တို့ အင်အားနည်းတယ် ဆိုပြီးတော့ သံချပ်ကာ ကားနှစ်စီး အပါအဝင် အင်အား (၇၀) လောက်နဲ့ တက်လာတာ။ အရင်ဆုံး လက်နက်ကြီးတွေနဲ့ သူတို့ဘက်က ပစ်တယ်။ ကျွန်တော်တို့ဘက်က ပြန်မပစ်ဘဲနဲ့ ငြိမ်နေလိုက်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ မရှိတော့လောက်ဘူး ထင်ပြီးတော့ သူတို့တွေ တက်လာတဲ့ အချိန်မှာ ကျွန်တော်တို့က ဝိုင်းပြီးတော့ ပစ်ကြတာ။ အဲဒီမှာ သူတို့ဘက်က ဗိုက်ထိပြီး လဲကျတဲ့ ကောင်နဲ့ လက်မောင်း မှန်သွားတဲ့ကောင်နဲ့ ဒဏ်ရာတွေ အတော်များများ ရသွားတာ မျက်မြင်တွေ့ရတယ်။ သူတို့ ထွက်ပြေးသွားတဲ့ အချိန်မှာ (4Wheels) ကား တစ်စီး ကျန်ခဲ့တယ်”လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်က MFP ကို ပြောပါတယ်။
စစ်အုပ်စုနဲ့ ပျူတွေ ထွက်ပြေးပြီးနောက် မြင်းခြံဘက်ကနေ အင်အား (၁၅၀) ကျော်နဲ့ စစ်ကူတွေ ရောက်ရှိလာသလို လေကြောင်းပစ်ကူပါ ရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“မြင်းခြံဘက်ကနေ အင်အား (၁၅၀) လောက်နဲ့ စစ်ကူ လာတာရယ်၊ မြောင်ဘက်ကနေ ပစ်ခတ်ပြီးတော့ တက်လာတဲ့ (Mi-35) ရဟတ်ယာဉ်တွေက ကျွန်တော်တို့ ရဲဘော်တွေရဲ့ အပေါ်ကနေ ဝဲပျံနေတာကြောင့် ကျွန်တော်တို့ ပြန်ဆုတ်ခွာခဲ့ရတာပါ”
အဲဒီ တောင်သာ-မြင်းခြံ လမ်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အုပ်စု အများအပြား ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာတွေလည်း ရှိနိုင်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၉) တပ်ရင်းနဲ့ အခြား မဟာမိတ် တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ မြင်းခြံ-တောင်သာ လမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး အဲဒီ လမ်းပိုင်းပေါ်မှာ ရှိတဲ့ နန်းမြင့်တောင် စစ်ဆေးရေးဂိတ်က စစ်အုပ်စုနဲ့ပျူတွေလည်း ဩဂုတ်လ (၁၄)ရက် ကတည်းက စခန်းစွန့်ခွာ ထွက်ပြေးတာကြောင့် တော်လှန်ရေးတပ်တွေက ဂိတ်ကို မီးရှို့ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။
ဩဂုတ်လ (၁၀) ရက်က စလို့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) ကို ဖော်ဆောင်နေပြီး တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့တွေကို စီးနင်းဝင်ရောက် တိုက်ခိုက်တာ၊ စခန်းသိမ်း တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြင်းခြံနယ်ထဲ ဟန်ရေးပြနေတဲ့ စစ်အုပ်စုနဲ့ပျူတွေ/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP