ပေါက်ခေါင်း၊ ငပျင်းတောင်တွင် အထိုင်ချ စစ်တပ်နှင့် စစ်ကူ စစ်ကြောင်း အကြား အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်

by

in

ပေါက်ခေါင်း၊ ငပျင်းတောင်တွင် အထိုင်ချ စစ်တပ်နှင့် စစ်ကူ စစ်ကြောင်း အကြား အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ငပျင်းတောင်ပေါ်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သားများ နှင့် စစ်ကူ စစ်ကြောင်းတို့ အချင်းချင်းမှားယွင်း ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမရှိ ငပျင်းတောင်ပေါ်တွင် ရောရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများဆီကို တောင်လည်ရွာဘက်မှ စစ်ကောင်စီ တပ်သားများက စစ်ကူလာရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကူလာရောက်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့ တစ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကူလာသော စစ်သားများက စတင် ရမ်းသမ်း ပစ်ခတ်ရာမှ တောင်ပေါ်တွင် ရောက်ရှိနေသော စစ်သားများနှင့် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယင်းပစ်ခတ်မှု အတွင်း အကြမ်းဖက် စစ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ အဆိုပါ ငပျင်းတောင်ပေါ်တွင် ရောက်ရှိနေသော စစ်သားများကိုလည်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် စစ်ကူစစ်ကြောင်းများ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ငပျင်းတောင်ပေါ်မှာ မူလ ရောက်ရှိနေတဲ့ စစ်ခွေး စစ်ကြောင်းနဲ့ တောင်လည်ရွာဘက်ကလာတဲ့ စစ်ကူခွေးစစ်ကြောင်း အချင်းချင်းမှားယွင်း ပစ်ခတ်တာလို့ သိရတယ်။ စစ်ခွေး ၁၂ ကောင်သေဆုံတယ်လို့လည်း သိရတယ်” ဟု ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ ရိပ်သာ၌ စခန်းချနေသော စစ်သားနှင့် ပျူစောထီး အင်အား ၃၀ ခန့်သည် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာစဉ် ငပျင်းတောင်ခြေရင်း၌ PDF Thegon တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး တောင်လည် တိုက်နယ် ဆေးရုံကို ပြင်းထန် ဒဏ်ရာများဖြင့် ရောက်ရှိနေပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)